Monday, July 21, 2014

ကိုယ့်အတွက်အလှ သူတို့ အတွက်ဘဝ



“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ် ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )

တချို့ မိန်းခလေးတွေဟာ အလှအပကို သာမာန်လောက် စိတ်ဝင်စားတတ်ပြီး တချို့ ကတော့ သာမာန်ထက်ပို စိတ်ဝင်စားတတ်ကြပါတယ်…။ အဲဒီထဲမှာ ကျွန်မက အလှအပကို သာမာန်ထက်ပို စိတ်ဝင်စားတတ်တဲ့အထဲမှာ ပါပါတယ်…။ ဘယ်လောက်စိတ်ဝင်စားသလဲဆို ကျွန်မကိုယ်ကျွန်မ တောင်မကတော့ပဲ ကျွန်မသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေထိ ဘယ်လိုလှအောင်နေ ဘယ်လိုလှအောင်ဝတ်ဆို ၀ါသနာအရတိုက်တွန်းရွေးခြယ်ပေးတတ်သူပါ…။ ငယ်ငယ်က စုံလင်များပြားတဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒီဇိုင်နာဆိုတာတောင်ပါလိုက်သေးတာပါ…။ အဲဒီလို အလှအပစိတ်ဝင်စားတဲ့ ကျွန်မ ဒီနိုင်ငံရောက်လာတော့ shopping တွေ sales တွေကြားမှာ ဟိုနားစွင့်ဒီနားစွင့်နဲ့  မအားရအောင်ပါပဲ…။ ဘယ်လောက်ထိ ရူးသွပ်ခဲ့သလဲဆို ၃နာရီလောက် အချိန်ကုန်ခံတန်းစီရတဲ့ sales ကို ကျွန်မက မပျင်းမရိ ဇွဲဇွဲကောင်းကောင်းနဲ့ တန်းစီခဲ့တဲ့အထိပါပဲ…။ online shopping တွေ ခေတ်စားလာတော့လဲ လိုလိုမလိုလို တန်တာလေးတွေ့ လှမ်းမှာမိတာပါပဲ…။ အထူးသဖြင့် branded ပိုက်ဆံအိတ်ရောဂါက ပတ်ဝန်းကျင်ကတဆင့် ကျွန်မဆီကူးဆက်ခဲ့တာ အဆိုးဆုံးပါပဲ…။ မတရား ဈေးကြီတဲ့အိတ်လောက်အထိမလှမ်းပေမယ့် အရင်က အဲဒီလောက်တန်ဖိုးဆို လက်နှေးခဲ့တဲ့ ကျွန်မက နှစ်ခါပြန်မတွေး လက်မနှေးတော့တာပါပဲ…။

အဲဒီလို sales ပင်လယ်ထဲမှာ လက်ပစ်ကူးနေခဲ့တဲ့ ကျွန်မကို လှုပ်နှိုးခဲ့တာတော့ ကျွန်မအရမ်းလေးစား အားကျမိတဲ့ အမကြီးတယောက်ပါပဲ…။ သူ့ နာမည်က ဒေါ်မေအေးဦးလို့ ခေါ်ပြီး ပစ္စည်းဥစ္စာမချမ်းသာပေမယ့် စေတနာတွေ အရမ်းချမ်းသာတဲ့၊ သူ့ ကိုယ်ပိုင်အချိန်တွေ ငွေတွေ လုပ်အားတွေကို ပရဟိတလုပ်ငန်းတွေ အတွက် ရက်ရက်ရောရော ပျော်ပျော်ကြီး ပေးဆပ်နေတဲ့ အမတယောက်ပါ…။ တကယ် ဒုက္ခရောက်နေသူတွေ ဆီကို လူကိုယ်တိုင်သွားပြီး ဖေးမကူညီဖြည့်ဆည်းပေးတဲ့ ဂရုဏာလက်အစုံ ပိုင်ရှင်ပါ…။ ကျွန်မက အမရဲ့ ပရဟိတလုပ်ငန်းတွေကို တတ်နိုင်သလောက် အဝေးက လှူဒါန်းနေတဲ့ အလှူရှင်ထဲက တယောက်ပါ…။ အမရေးတဲ့စာလေးတွေထဲက ကျွန်မကို လွှမ်းမိုးပြုပြင်နိုင်တဲ့ စာလေးကို ကျွန်မမနှစ်က ဖတ်မိခဲ့တာပါ…။

“ကိုယ့်အတွက် အလှအပတစ်ခုဟာ သူတို့အတွက် ဘ၀တစ်ခု ဖြစ်သွားနိုင်မယ် ဆိုရင် ဘာဖြစ်လို့များ မစွန့်လွှတ်နိုင်ရမှာလဲ ။ “(ဓမ္မဘေရီဆရာတော် )

အထက်ပါ တန်ဖိုးရှိလွန်းတဲ့ ဆရာတော်ကြီးရဲ့ တရားလေးကို အမစာထဲကတဆင့် ကျွန်မသိခဲ့ရတာပါ…။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်တုန်းက ငါရှာတဲ့ငွေ ငါဒီလောက်တော့ သုံးမှာပေါ့ဆို ကျွန်မရဲ့ သတ်မှတ်ထားတဲ့ limit ထက်ကျော်တဲ့ ပိုက်င်္ဆအိတ်တလုံး ပူပူနွေးနွေး ၀ယ်ပြီးကာစပေါ့…။ အမရေးတဲ့ အဲဒီစာထဲက သူနှစ်သက်တဲ့ မြန်မာချိတ်ထမီတထည်ကို စွန့် လွှတ်ပြီး တကယ်လိုအပ်နေတဲ့ ကလေးတွေ ပညာရေးအတွက် သုံးလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ ပီတိက စာထဲက တဆင့် ကျွန်မဆီ ကူးစက်လာခဲ့ပါတယ်…။ ပြီးတော့ လောလောလတ်လတ် ၀ယ်ထားတဲ့ အိတ်တလုံးတန်ဖိုးက ကုလို့ ရရက်နဲ့  ဆင်းရဲလို့  လက်လျော့ပြီး သေဖို့  အသင့်ထိုင်စောင့်နေတဲ့ လူနာတယောက်ကို အသက်ကယ်လိုက်နိုင်သလို၊ ချို့ တဲ့လို့  အနာဂတ်ပျောက်နေတဲ့ လူငယ်လေးတယောက်ရဲ့ အနာဂတ်တခုဖြစ်နိုင်တယ်လို့  သဘောပေါက်လာမိပြီး တယောက်ထဲ ကြိတ်ရှက်မိတဲ့ နေ့ ပါပဲ…။ အမ ကလေးတွေဆီက အပြန် အမကို အရမ်းကျေးဇူးတင်တဲ့ ကလေးလေးတွေက Coffee Mix အထုတ်အခွံလေးတွေနဲ့  လုပ်ထားတဲ့ ယပ်တောင်လေးတခု လက်ဆောင်ပေးကြတာ ဖတ်ရတော့ ကျွန်မမျက်ရည်ဝိုင်းတဲ့ အထိ ကြည်နူးမိပါတယ်…။ အဲဒီကစလို့  တန်ဖိုးကြီးပစ္စည်းတခု ၀ယ်မယ်ကြံတိုင်း ကိုယ့်တိုင်းပြည်က လိုအပ်နေတဲ့သူတွေကို မျက်စိထဲပြေးပြေးမြင်ပြီး ချီတုန်ချတုန်ဖြစ်လို့  လက်ထဲက ပြန်ပြန်ချမိခဲ့ပါတယ်…။ တခါတရံ စိတ်မထိန်းနိုင်ပဲ ၀ယ်မိခဲ့တာ တချို့ လဲရှိတာပေါ့လေ…။

ဒေါ်မေအေးဦး ဦးဆောင်တဲ့2000 group အဖွဲ့ လေးကို ကျွန်မသဘောကျမိတာက စိတ်တူကိုယ်တူနဲ့  ဒုက္ခရောက်နေသူတို့ ဆီ ကိုယ်တိုင်အမြန်ဆုံး လှူဒါန်းပေးနိုင်အောင် အပင်ပန်းခံဆောင်ရွက်ကြခြင်းပါပဲ…။ အမရေ ရေတွင်းလေးလှူချင်ပါတယ်ဆို တကယ့်ရေဘေးဒုက္ခရောက်နေသူတွေ လက်ထဲ ရေတွင်းတတွင်း အမြန်ဆုံးရောက်အောင် ဆောင်ရွက်ပေးနိုင်သူပါ…။ အမက ပညာရေးအလှူရှင်လိုတယ်လို့  ပြောလို့  ကိုယ်လှူလိုက်ရင် အဲဒီကလေးနဲ့ ပတ်သက်တဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကအစ ကိုယ်ဘာမှ မမေးရခင် အမက အလှူရှင်တွေဆီ သတင်းပုံမှန်ပို့ နိုင်အောင် အရမ်းအလုပ်လုပ်သူပါ…။ အမရဲ့ ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ အကြောင်းကြားရမြင်ရတော့ ဝေးလံခေါင်ဖျား နွမ်းပါးတဲ့ အရပ်ဒေသက ကလေးတွေလိုပဲ… ဒီနိုင်ငံက ပြည့်စုံတဲ့ကလေးတွေမှာလဲ ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  တချို့ အလှမ်းကွာဝေးနေတာ… တချို့ ဆို မြန်မာဘာသာစကားနဲ့ တောင် အလှမ်းကွာဝေးနေတာမို့  ဘာသာတရား၊ ဘာသာစကား၊ ယဉ်ကျေးမှု… အားလုံးသာ သင်ပြခွင့်ရရင် သိပ်ကို အကျိုးရှိမှာပဲလို့  တွေးမိပါတယ်…။ နောက်တခုက ဒေါ်မေအေးဦးရဲ့ 2000 အဖွဲ့ ရဲ့ ပရဟိတလုပ်ငန်းတွေသာ ဒီနိုင်ငံကသူတွေ ထဲထဲဝင်ဝင် သိခွင့်ရရင် အလှူတွေပိုခရီးပေါက်လို့  ဒုက္ခရောက်နေတဲ့သူတွေကို ပိုလို့ ကယ်တင်နိုင်မယ်လို့  တွေးမိခဲ့ပါတယ်…။

အိတ်ဝါသနာပါတဲ့ ကျွန်မ တနှစ်ကို အနည်းဆုံးတလုံးလောက် အိတ်လှလှလေးတွေ စုမယ်လို့  ဟိုးအရင်က ကြံစည်ထားတဲ့ အကြံအစည်ကို ဖျက်လိုက်ပါတယ်…။ ဒေါ်မေအေးဦးနဲ့ အဖွဲ့ ကို ဒီနိုင်ငံဖိတ်ကြားပြီး ကလေးတွေ ယဉ်ကျေးလိမ္မာသင်တန်းလေး လုပ်ဖြစ်အောင် ကျွန်မနဲ့  ညီမအရင်းလို ချစ်တဲ့ စိတ်တူကိုယ်တူ ညီမလေးတွေနဲ့  ကျွန်မတို့ တိုင်ပင်နှီးနှော မ တည် အတူလုပ်ခဲ့ကြတယ်…။ ပထမအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေးဟာ ထင်တာထက် ပိုအောင်မြင်တော့ ကျွန်မတို့  အားလုံး ကြည်နူးပီတိ ဖြစ်ခဲ့ကြတယ်…။ ကလေးလေးတွေရဲ့ နုနယ်တဲ့နှလုံးသားထဲမှာ ဘာသာတရားနဲ့  ယဉ်ကျေးမှုလေး နဲနဲအမြစ်တွယ်သွားရင် တော်ပြီလို့  ကျွန်မတို့ မျှော်လင့်လုပ်ခဲ့ကြတာ…။ တချို့ မိဘတွေဆီက ကလေးတွေရဲ့ တိုးတက်မှုကို ပြန်ကြားရတော့ ကျွန်မတို့ အားလုံး ရှေ့ ဆက်ဖို့  အင်အားတွေ ပိုပြည့်ခဲ့ကြတယ်…။ သိသာထင်ရှားလွန်းတဲ့ တိုးတက်မှုကတော့ 2000 Group ရဲ့ ပရဟိတ လုပ်ငန်းတွေမှာ စင်္ကာပူက အလှူရှင်တွေ ပိုတိုးပြီး အလှူတွေ ပိုအထမြောက်လာတာပါပဲ…။ အဲဒီက ရတဲ့ပီတိက ကျွန်မပိုက်ဆံအိတ်အသစ်တလုံး ၀ယ်လို့ ရတဲ့ပျော်ရွှင်မှုနဲ့  နှိုင်းယှဉ်လို့ မရအောင် ကွာခြားလှပါတယ်…။

“Give the world the best you have” တဲ့…။ ကျွန်မအရမ်းလေးစားရတဲ့ ဒေါ်မေအေးဦးရဲ့ gTalk မှာ အမြဲတွေ့ ရတဲ့ statusလေးပါ…။ ဒီလောကမှာ ဆင်းရဲဘေးဒုက္ခတွင်းထဲက လွတ်မြောက်ဖို့  ကူကယ်ရာမရှိဘူးလို့  မျှော်လင့်ချက်မဲ့နေတဲ့ဘ၀တွေအားလုံးကို မကယ်နိုင်ပေမယ့် ဘ၀တခုကို ကယ်ဖို့  ကျွန်မတို့ မှာ အင်အားတွေ ရှိတယ်ဆိုတာ မမေ့မလျော့ရင် ဆင်းရဲဒုက္ခရောက်သူဦးရေ နဲသထက်နဲလာမှာ အမှန်ပါပဲ…။ အလားတူပဲ နိုင်ငံရပ်ခြားရောက်မှတော့ ဘာသာတရား ယဉ်ကျေးမှုတွေနဲ့ လဲ ဝေးပြီလို့  စိတ်လျော့အားငယ်နေမယ့် မိဘတွေအတွက် မြန်မာနိုင်ငံမှာလို သင်တန်းမျိုးလေးဖွင့်နိုင်ရင် ကိုယ့်သားသမီးလေးတွေ ကိုယ်ပြန်သင်ကြားပြီး ဘာသာတရား၊ ယဉ်ကျေးမှုနဲ့  အမြဲထိတွေ့ နေနိုင်မှာ အမှန်ပါပဲ…။ ဒီလို စိတ်ဓါတ်အင်အားတွေနဲ့  ကျွန်မတို့  ဒုတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းလေး ဖွင့်ခဲ့ကြပြန်တယ်…။ လူတွေအများကြီးအကူအညီနဲ့  စုပေါင်းလုပ်ရတဲ့ ဒီသင်တန်းလေးဟာ နှလုံးသားဖြူစင်သူလေးတွေ အချိန်အလှူပေးဖို့ ရက်ရောသူလေးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်လောက်ရှိသလဲဆိုတာ မီးမှောင်းထိုးပြလိုက်သလိုပါပဲ…။ စုပေါင်းအလှူကြီးတခုကို ကျွန်မတို့ အတူလုပ်ခဲ့ကြတယ်…။ အားလပ်ရက်ရှားပါးတဲ့ စင်္ကာပူလို နေရာမျိုးမှာ အားလပ်ရက်ကို မနားပဲ ပြုံးပြုံးရွှင်ရွှင်စိတ်အား ထက်သန်စွာ ပေးဆပ်ခဲ့ကြတယ်…။ ဒေါ်မေအေးဦးဦးဆောင်တဲ့ ဆရာ၊ ဆရာမအဖွဲ့ ကလဲ ကလေးတွေကို ပညာသာမက မေတ္တာတွေ တပုံကြီး အလှူပေးခဲ့ကြလို့  မပျော်တဲ့ကလေးဆိုတာ အတော်ရှားပါတယ်…။ ကလေးငယ်ငယ်လေးတွေ ကံ၊ ကံ၏အကျိုးကို ယုံကြည်လာကြတယ်…။ ငရဲကျနိုင်တဲ့ အကုသိုလ်အလုပ်ကို ကြောက်လာကြတယ်…။ ကျွန်မတို့ အဲဒီလိုသာ မှန်မှန်ရင်းနှီးမြှပ်နှံကြမယ်ဆိုရင် ဘာသာတရားဆုံးမမှုအောက်က ဒီကလေးတွေရဲ့ အနာဂတ် လှပလာမှာ အမှန်ပါပဲ…။ ကိုယ်ချင်းစာတရား၊ ဂရုဏာတရား၊ မေတ္တာတရားတွေနဲ့  ပြည့်စုံတဲ့ အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေ များလာလေ ငြိမ်းချမ်းမှုတွေ များလာလေ မဟုတ်လား…။

ကုသိုလ်ပေါ် ကုသိုလ်ဆင့် မိဘများရဲ့ စေတနာတရားထက်သန်စွာ လှူဒါန်းမှုကြောင့် ပထမအကြိမ်သင်တန်းက ပိုငွေတွေ အကုန်ကို ဆရာမဒေါ်မေအေးဦးရဲ့ ပရဟိတလုပ်ငန်းတွေထဲက တခုဖြစ်တဲ့ ရိုးမရွာတွေက ဆင်းရဲနွမ်းပါးပြီး စာလဲ အသင့်အတင့်တော်တဲ့ ကျောင်းနေချင်တဲ့ ကလေးတွေကို ပြည်မှာ ကျောင်းအိပ်ကျောင်းစားထားပြီး အစိုးရကျောင်းကို ပို့ ပြီး ကလေးတွေရဲ့ စား၊၀တ်၊နေ၊ ပညာရေး၊ ကျန်းမာရေးအားလုံး တာဝန်ယူရတဲ့ ကျောက်ကွင်း၊ ပရဟိတကျောင်း(၀ိနယ လင်္ကာရ) ဂန္ဓမာစက်မှုရပ်ကွက်၊ ပြည်မြို့ မှာရှိတဲ့ ကလေးတွေနေဖို့ အဆောင်အတွက် ခေါင်မိုးအလှူကို လှူဖြစ်ခဲ့ပါတယ်… ဒုတိယအကြိမ် ပိုငွေတွေအားလုံးကို အဲဒီကျောင်းအတွက် မျက်နှာကျက်နဲ့  ရေတွင်းတတွင်းလှူဖြစ်ခဲ့ပါတယ်…။ ဘယ်လောက်များကြည်နူးစရာကောင်းလိုက်ပါလဲနော်…။

ဒီကနေ့  ကျွန်မတို့ နိုင်ငံ ဆယ်ကျော်သက် နှစ်ဆယ်ကျော်သက် တချို့ မိန်းမပျိုလေးတွေ ငရဲကို မေ့လျော့နေကြပြီ…။ သူများ မိသားစုဖြိုခွဲဖို့  ၀န်မလေးကြတော့ဘူး…။ အိမ်ထောင်ရှင်တွေကလဲ ကြွယ်ဝချမ်းသာမှုနဲ့  ဂုဏ်သိက္ခာကို မှားယွင်းလို့  တလွဲဆံပင်ကောင်းလာကြလိုက်တာများ…။ ဘီယာဆိုင် အရက်ဆိုင် စပွန်ဆာ နိုက်ကလပ် ယဉ်ကျေးမှုနဲ့  ငါးပါးသီလဆိုတာ ဘာကြီးလဲလို့  မေးရမလို ဘာသာတရားနဲ့  ကင်းဝေးသထက် ကင်းဝေးလို့  ငရဲပြည်ကြီးဆီ ပျော်ပျော်ကြီး သွားနေလိုက်ကြတာ…။ ဘယ်တတ်နိုင်မလဲလို့  ကျွန်မတို့  လက်မှိုင်ချမယ့်အစား နောက်မျိုးဆက်သစ်လေးတွေကို အခုကတည်းက စလို့  အပင်သန်အောင် မျိုးစေ့မှန်မှန်လေးတွေ ချပေးသင့်ပါတယ်…။ ကျွန်မတို့  မြန်မာနိုင်ငံမှာ နေတဲ့သူတွေက ပိုလို့ တောင် အလှမ်းနီးလို့  ယဉ်ကျေးလိမ္မာသင်တန်းလေးတွေ နယ်တိုင်းမြို့ တိုင်းမှာ ဖွင့်လှစ်သင့်ပါတယ်…။ ကျွန်မတို့  တကိုယ်စာလှဖို့ ပဖို့  အတွက် အသုံးချနေတဲ့ ကုန်ကျစရိတ်တွေကို အကျိုးရှိတဲ့နေရာတွေမှာများ သုံးလိုက်ရင် အကျည်းတန်တဲ့ဘ၀ပေါင်းများစွာ လှပသွားမှာ အသေအချာပါ…။ ဒီလို ကောင်းတဲ့ အသုံးချမှုလေးကို ကိုယ်က စလို့  လက်တွေ့ ကျင့်သုံးရင်း ကိုယ့်ပတ်ဝန်းကျင်ကို ကျယ်ပြန့် … ကိုယ့်ပတ်ဝန်းကျင်တဆင့်  တခြားပတ်ဝန်းကျင်တွေ ပိုကျယ်ပြန့် လာပြီး… နောက်ဆုံး ဘ၀တွေ အားလုံးမလှလာနိုင်ဘူးလို့  ဘယ်သူပြောနိုင်မလဲနော်…။

ပေးဆပ်တတ်သူတယောက်ရဲ့ နှလုံးသားကို လှစ်ဟပြနေတဲ့ ကျွန်မရဲ့မောင်အရင်းလို ရင်းနှီးရတဲ့ ယဉ်ကျေးလိမ္မာသင်တန်းက ကလေးတို့ ဆရာ ဆရာသော်( ကိုသော်ဇင်မြင့်) ရဲ့ကဗျာလေးနဲ့  ဒီပို့ စ်လေးကို အဆုံးသတ်ပါရစေ…။

ပေးဆပ်ခြင်း



မြင့်မြတ်လို့ လား…

ကုသိုလ်ရလို့ လား…

ထင်ပေါ်အောင်လား…

ကြည်နူးချင်လို့ လား…

တစ်စုံတစ်ခု ပြန်ရအောင်လား…

………………………………….

ဒါတွေ တစ်ခုမှ မဟုတ်။



ငါ့အင် ငါ့အား

နှလုံးသားနဲ့ 

ပေးဆပ်ခဲ့သမျှ

သူတို့ ရလို့ 

သူ့ ဘ၀မှာ

သူ့ လိုရာသုံး

ဒီမှာဆုံးပြီ…

ငါကတဲ့ဇာတ်

တစ်ခန်းရပ်။ ။



သော်ဇင်မြင့်



ဘ၀တိုင်း ဘ၀တိုင်း လှပကြပါစေ...။

( ဒုတိယအကြိမ်မြောက် စင်္ကာပူနိုင်ငံ ဗုဒ္ဓဘာသာယဉ်ကျေးမှု နှင့် လိမ္မာစာကဗျာ ရက်တိုသင်တန်း အမှတ်တရ)

စာကြွင်း။ ။ ဒေါ်မေအေးဦး နဲ့  2000 group ရဲ့ ပရဟိတ လုပ်ငန်းတွေအကြောင်း စိတ်ဝင်စားလှူဒါန်းလို သူများရှိရင် (website - http://www.twothousandgroup.org/ ,email- 2000.donation.group@gmail.com , facebook – May Aye Oo – 2000 GROUP) ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်…။ ကဗျာလေးသုံးခွင့်ပေးသော ကိုသော်ဇင်မြင့်ကို အရမ်းကျေးဇူးတင်ပါတယ်…။

တန်ခူး

21-Jul-2014 12:57pm

Friday, July 11, 2014

ကျွန်မနဲ့ မော်တော်ကား





ရောင်စုံကားလှလှ မော်ဒယ်လှလှတွေ များပြားလာတဲ့ ဒီခေတ်ကြီးထဲမှာ အဲဒီကားတွေနဲ့  ပတ်သက်ရင် ကျွန်မသိပ်ရင်မခုန်တတ်တာ အတော်တော့ ထူးဆန်းတာ အမှန်ပါပဲ…။ လက်ရှိကျွန်မအလုပ်က ကားပြခန်းတွေ ကားအရောင်းခန်းမတွေနဲ့  နီးတဲ့နေရာမို့  ကားလှလှလေးများ… အထူးသဖြင့် ပြိုင်ကားလှလှလေးများတွေ့ ရင် ကောင်မလေးချောချောလေးတွေ့ လိုက်သလို ကျွန်မလုပ်ဖော်ကိုင်ဖက်တွေက လေကလေးတောင်ချွန်မိတဲ့ အထိ သဘောကျကြတာ တွေ့ တော့ ငါ့မယ် ဘာကြောင့်များ ဒီလိုစိတ်မရှိရတာလဲလို့  တွေးမိတဲ့အထိပါပဲ…။

ကျွန်မအမျိုးသားနဲ့  အတူသွားနေတဲ့အချိန် သူက ကားလှလှကောင်းကောင်းလေးများ လှမ်းပြရင် ကျွန်မရဲ့ မထူးခြားတဲ့ရုပ်ကို ကြည့်ပြီး အဲဒီ sensor တခုပျက်နေတယ်လို့  ကျွန်မကို အမြဲ နောက်တတ်ပါတယ်…။ ကျွန်မကလဲ ကျွန်မပါပဲလေ…။ ကျွန်မအရင် အလုပ်က လုပ်ဖော်ကိုင်ဖက်တယောက်က ဘယ်လောက်များ ပိုက်ဆံချမ်းသာ သလဲဆို ကားအကောင်း နာမည်တခုသာ ပြောလိုက် သူ့ မှာ ရှိပြီးသားပါပဲ…။ ကားပေါင်းမြောက်မြားစွာ ပိုင်တဲ့ သူနဲ့  အရမ်းရင်းနှီးတာမို့  တခါတလေ အပြင်မှာ နေ့ လည်စာထွက်စားတဲ့အခါ သူ့ ကားနဲ့ ကားကြုံလိုက်စီးပါတယ်…။ Audi, BMW, Lexus ကားတွေသာ ပြောင်းသွားတယ် ကျွန်မအတွက်က ဘာမှ မထူးသလိုပါပဲ…။ ဟိုနေ့ ကကားနဲ့  ဒီနေ့ ကား စီးရတာ ဘာကွာသလဲမေးရင် ကျွန်မက တို့ အတွက်တော့ comfort taxi စီးရတာနဲ့  ဖီလင်ချင်းတူတူပါပဲ… မခွဲခြားတတ်ဘူးလို့  အမှန်အတိုင်းပြောတော့ သူ့ ခမျာ ငိုမလိုရယ်မလို မျက်နှာနဲ့  ခံရခက်တာတွေ့ တော့ အားနာမိသလိုလိုတော့ ဖြစ်မိသား…။

ကျွန်မငယ်ငယ် သူငယ်တန်းအရွယ်က အဖေက ဂေါက်လှည့်လှည့်ပြီး နှိုးရတဲ့ မောဒစ်အိတ် ကားစုတ်စုတ်လေး ၀ယ်လာတော့ ကျွန်မအရမ်းပျော်ပါတယ်…။ ဘတ်စ်ကားစီးရတဲ့ ဒုက္ခ၊ မြို့ ပတ်ရထားစီးရတဲ့ ဒုက္ခကို ကျွန်မက ငယ်ငယ်လေးနဲ့ ခံစားခဲ့ရသူမိုလား…။ ကျွန်မကို ထားတဲ့ မူကြိုက မြို့ လယ်ခေါင်မှာ မို့ လေ…။ မောဒစ်အိတ်၊ မော်စကိုဗစ်၊ အိုပယ်၊ ဗောက်စဂွန်၊ ဒတ်ဆန်း၊ ပတ်ပလစ်ကာ… စူပါရုပ်ဖ်… အဲဒီလို ကျွန်မတို့  အိမ်မှာ ကားအမျိုးမျိုးသာ ပြောင်းသွားတယ်… ကျွန်မစိတ်ထဲကတော့ အတူတူပါပဲ…။ လိုရာခရီးကို သက်တောင့်သက်သာ သွားနိုင်ရင် ပြီးတာပဲလေ…။ ကားတစီးပြောင်းခါနီးတိုင်း ဘယ်ကားလဲရမလဲဆို ရင်ခုန်နေတတ်တဲ့ ကျွန်မတို့  တအိမ်လုံးနဲ့  ဆန့် ကျင်ဘက်ပါ…။ ကားနဲ့ ပတ်သက်လို့  အဖေ့ကို ကျွန်မပူဆာမိတာဆိုလို့  နှစ်ခါလားပါပဲ…။ ကျွန်မဆယ်တန်းတုန်းက အိုပယ်ကားနဲ့ လာတိုင်း ကားနာမည်ကြောင့် ကောင်လေးတွေ နောက်ကြတာကို ရှက်လို့  အဖေ့ကားလဲခိုင်းတဲ့အခါရယ်… ဗောက်စဂွန်ကားလုံးလုံးနဲ့ တုန်းက သင်္ကြန်ရေပက်ခံထွက်လို့  မရတာကြောင့် အမိုးဖွင့်လို့ ရတဲ့ကားလေး ပူဆာတာရယ်ပါပဲ…။ သိပ်ဆန္ဒလဲ ပြင်းပြင်းပြပြမဟုတ်တော့ အဖေ၀ယ်တဲ့ကားနဲ့  အဖေလိုက်ပို့ တာ ငြိမ်ငြိမ်လေး လိုက်တတ်တဲ့ ကျွန်မပါ…။

ဒီနိုင်ငံရောက်တော့ public transport တွေ အဆင်ပြေတာမို့  သားလေးမမွေးခင်အထိ ကျွန်မအတွက် ကားဆိုတာ မေ့မေ့လျော့လျော့ပါပဲ…။ သားလေးမွေးလာတော့ သားလေးသက်တောင့်သက်သာ သွားလာလို့ ရအောင် ကားလေးတစီးလိုချင်မိပါတယ်…။ အဲဒီအခါ ကျွန်မနဲ့  ကျွန်မခင်ပွန်း ဈေးလဲသက်သာ ဆီစားလဲနဲမယ့်ကားကို စဉ်းစားရပါတယ်…။ ပြီးတော့ တချက်ခုတ်နှစ်ချက်ပြတ် ကျွန်မတို့ အဲဒီအချိန်က လုပ်နေတဲ့ အလုပ်ကလေးအတွက်လဲ အသုံးဝင်မယ့်ကားမျိုးပေါ့…။ ခဏခဏလဲ မပျက်တဲ့ ခိုင်ခန့် မယ့် ပြင်သစ်ထုတ် ရိန်းနော့ကားလေးကို ကျွန်မတို့  ၀ယ်ဖြစ်ခဲ့ကြတယ်…။ ကျွန်မခင်ပွန်းမောင်းမှာဆိုတော့ သူနှစ်သက်တဲ့ အ၀ါရောင်လေးရွေးဖြစ်ခဲ့တယ်…။ ကားလေးနာမည်က Kangoo တဲ့…။ ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲနော်..။ ဒီနိုင်ငံမှာ ကားလှလှတွေ အရမ်းပေါတာ သိပ်စိတ်မ၀င်စားမိပေမယ့် ကားနာမည်လေးတွေတော့ ကျွန်မက စိတ်ဝင်တစား မှတ်တတ်ပါတယ်…။ ပြီးရင် ကားအထီးလေးလား အမလေးလားဆို ကားရဲ့ရုပ်ရည်ကြည့်ပြီး ကျွန်မဘာသာ ပေါက်ပေါက်ရှာရှာ ခွဲမှတ်ထားတတ်ပါတယ်…။ ကျွန်မတို့ ကားလေးကတော့ boy လေးနဲ့ တူတဲ့ ကားအထီးလေးပေါ့…။ Transformer ကြိုက်တဲ့ ကျွန်မသားကတော့ အ၀ါရောင် ကျွန်မတို့ ကားလေးကို bumblebee လို့  သူ့ ဘာသာ နာမည်ပေးထားလေရဲ့…။

ကျွန်မတို့ ကားလေးက ဈေးသက်သာ… ဆီစားသက်သာတဲ့အပြင်… ပျက်ခဲပါတယ်…။ တနေ့ တနေ့ ကျွန်မနေတဲ့ အနောက်ဘက်ကနေ ကျွန်မအလုပ်ရှိတဲ့ အရှေ့ ဘက်သွား… တခါ ကျွန်မအမျိုးသား အလုပ်နေရာတွေသွားနဲ့  သူ့ ခမျာ နားရတယ်လို့ မရှိပါဘူး…။ ကျွန်မတို့  မိသားစုဝင်တယောက်လို ကားလေးနဲ့ ကျွန်မတို့  တသားထဲကျနေပါတယ်…။ ဇိမ်ခံကားပြောင်းစီးရင်ကောင်းမလား… ဒီထက်ကောင်းတဲ့ကား ပြောင်းစီးရင်ကောင်းမလားဆိုတဲ့ အတွေးတွေ မရှိလောက်အောင် ကားလေးနဲ့ ကျွန်မတို့ ကြား သစ္စာတရားက ကြီးလှပါတယ်…။ ကားလေး တခါတလေ စက်ချို့ ယွင်းလို့  ပျက်တာများရှိရင် မိသားစုဝင်တဦးနေမကောင်းသလို ကျွန်မစိတ်အတော်မကောင်းပါဘူး…။ သူ့ ခမျာ ပစ္စည်းတွေလဲ အများကြီးသယ်ရ… လူတွေကိုလဲ မရပ်မနားပို့ ရရှာတာဆို စက်ပစ္စည်းဆိုတာ မေ့လျော့စွာ သနားမိတဲ့အထိပါပဲ…။

ဒီနိုင်ငံမှာ ကားတွေကို ၁၀နှစ်အထိပဲ ထားပါတယ်…။ ဆယ်နှစ်ပြည့်လို့  ကားက ကောင်းနေသေးတယ်ဆို ထပ်ထပ် တိုးခွင့်ပေးပါတယ်…။ ကားက အခြေအနေမကောင်းဘူးဆို တိုးခွင့်မပေးပဲ ဖျက်ပြစ်ပါတယ်…။ မနက်က ရုံးသွားတဲ့လမ်းမှာ ကားနဲ့ ပတ်သက်လို့  ပြောဖို့ အကြောင်းဖန်လာတာကြောင့် ကားလေးသက်တမ်းကို အမျိုးသားနဲ့ ပြောဖြစ်ပါတယ်…။ ကျွန်မတို့ ကားလေး ရနှစ်ရှိပြီတဲ့…။ ဒါဆို နောက်၃နှစ်ကြာရင် ကားလေး သက်တမ်းကုန်တော့မှာပေါ့နော်…။ ကားလေးဖျက်ပစ်ခံရမှာတွေးမိတော့ ကျွန်မနှလုံးသားတခုလုံး နာကျင်လာမိပါတယ်…။ သက်တမ်းကုန်ရင် မြန်မာပြည်ပို့ လို့  မရဘူးလားလို့  အမျိုးသားကို မေးတော့ သူက ကုန်ကျစရိတ်နဲ့  လက်တွေ့ မကျဘူးတဲ့…။ ကျွန်မမျက်ရည်တွေဝဲလာတာ ကျွန်မအမျိုးသားက သတိထားမိမယ်မထင်ပါဘူး…။ ပစ္စည်းသင်္ခါရ… လူသင်္ခါရဆိုတဲ့ တရားသဘောကို နှလုံးသွင်းဖို့  မေ့လျော့တဲ့အထိ ကျွန်မကားလေးကို သံယောဇဉ်တွယ်မိတာ မကောင်းဘူးဆိုတာ သိပေမယ့်လဲ သံယောဇဉ်ဆိုတာ အလွယ်တကူဖြတ်တောက်လို့  ရတဲ့ အရာမှမဟုတ်တာပဲလေ…။ ခုချိန်မှာ အဖိုးတန်ကားကြီးတစီးနဲ့  လဲခွင့်ရမယ်ဆိုတောင် ကျွန်မလဲဖို့  မစဉ်းစားမိပါဘူး…။ အကြောင်းကြောင်းကြောင့် ကားလေးနဲ့ ခွဲရမယ်ဆိုရင်ဖြင့်….။

တန်ခူး

2:35pm 11-Jul-2014