Saturday, October 31, 2009

ဝေးခဲ့သော်လည်း ပန်းခရမ်းပြာ



(အပေါ်ကပုံကိုသူငယ်ချင်းတယောက်ဆီက အီးမေးလ်နဲ့ ရပါတယ်)

သူငယ်ချင်းတယောက်က အီးမေးပို့ လိုက်တယ် ခရမ်းပြာ။ Youtube video clipလေးကို နှိပ်ကြည့်လိုက်တော့ ငါ့နှလုံးသားတွေ မြင်မကောင်းလောက်အောင် အပိုင်းအပိုင်းအစစ ကြေမွလို့ ။ ငါကြေကွဲတယ်။ငါယူကျူံးမရဖြစ်တယ်။ငါငိုနေမိတယ် ပန်းခရမ်းပြာရေ။

http://www.youtube.com/watch?v=9-80WGzkQog

ဟိုးတုန်းက ညနေခင်းများ
ကြည်ပြာကန်ဘေးမှာ သံစဉ်လှိုင်းခတ်
တေးဖွဲ့ လွင့်ပျံ့ နေတတ်စဉ် ကမ်းမဲ့ပန်းဗေဒါများ
ရေပြင်ပေါ်မှာ မှီရာတည်ရာ စွန့် ခဲ့မျောလို့ နေတော့တယ်

အိပ်မက်ထဲက ခရမ်းပြာ… စိတ်ကူးထဲက ခရမ်းပြာ… ဟိုးရွှေရောင်အတိတ်တွေထဲက ခရမ်းပြာ။ ဝေးခဲ့ရရင်တောင် အဲလောက် တမျှော်တခေါ်ဝေးခဲ့ရလိမ့်မယ်လို့ … အရင်က ငါတကယ်သံသယမရှိခဲ့တာပါ။

ကြွေသွားတဲ့နုပျိုခြင်းများ
လှောင်ရယ်သံကြားမှာမတည်ငြိမ်သေးခဲ့
ငြီးငွေ့ စိတ်ပျက်နေရစဉ် အပြစ်မဲ့အလွမ်းခြေရာများ
နာကျင်နေသူရင်မှာထင်ကျန်
တယုတယထွေးပိုက်နေခဲ့သူ

ငါက အတိတ်မှာ နေထိုင်သူ။ ဒီတော့ နုပျိုခြင်းတွေ ကြွေကြွေသွားတာကို တမင်မသိချင် ယောင်ဆောင်လို့ ။ အဖြူရောင်ဘာသာစကားတွေ ဘယ်သူနားမလည်လည် တကိုယ်တည်း ဆိုညည်းနေမိတယ်။ ခရမ်းပြာရဲ့ ပစ္စုပန်တွေ အဲလောက် အကျည်းတန်ခဲ့လိမ့်မယ်လို့  ဘယ်သူက ရက်ရက်စက်စက် နိမိတ်ဖတ်ခဲ့မလဲကွယ်။ ဘာပဲဖြစ်ဖြစ် ခရမ်းပြာရဲ့ပွင့်ဖတ်တွေ ဘယ်လောက်နွမ်းကြေခြောက်သွေ့ သွားဦးတော့… ငါ့ရင်ထဲ တယုတယ ထွေးပိုက်ထားနေဦးမှာပါ ခရမ်းပြာရယ်။


ဝေးခဲ့ပြီးပန်းခရမ်းပြာရေ
တခါတရံမှာ အိပ်မက်လို
ပင်ညိုညိုရိပ်တွေ
မြမြက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲမသိတော့ပါ

ငါ့အတွက် အငြိမ်းချမ်းဆုံး ရင်ခွင်ပါ။ ဒီရင်ခွင်မှာ ငါက ထာဝရ ခိုနားချင်သူ။ ဒါပေမယ့်… ဒါပေမယ့်ခရမ်းပြာရယ်… ငါနဲ့ အကျွမ်းတ၀င်ဖြစ်ခဲ့တဲ့ ပင်ညိုရိပ်တွေ… စိမ်းမြမြမြက်ခင်းလေးတွေ… ခု ဘယ်ရောက်သွားပြီလဲ… ဘယ်ဆီမှာလဲ… ဖြေပါဦးခရမ်းပြာ။ င့ါရင်ခွင်ကို ဘယ်သူက ဓားချွန်ချွန်နဲ့  ခြေမွ ဖျက်ဆီးသွားခဲ့သလဲ။

မျှော်လင့်ချက်မနက်ဖြန်ရက်များ
အဆင်မပြေနိုင်သေးခင်
ယုံကြည်တမ်းတ
အသိစိတ်လမ်းလျောက်နေဖြစ်စဉ်
စခန်းမဲ့နားခိုရာလည်း
ဘယ်ဆီဘယ်မှာရည်ရွယ်ရာကို
ခုထိလက်မလျော့နိုင်ဘူးကွယ်

ဘယ်တော့မှ ချန်မထားရစ်ပါဘူး ခရမ်းပြာ။ ငါ့မျှော်လင့်ချက်တွေက အသက်ပြင်းလွန်းလို့ ပါ။ မဖြစ်နိုင်တာကို ရူးသွပ်သူလို့  လှောင်ရယ်ကြပါစေ… ငါ့ယုံကြည်ချက်တွေက ဘယ်တော့မှ အရည်မပျော်နိုင်အောင် မာခဲနေကြပြီ။ မောပန်းလွန်းလှတဲ့ ဒီခရီးရှည်ကြီးမှာ ခရမ်းပြာမှ အနားမရှိတော့လဲ နားခိုရာရင်ခွင်မဲ့တဲ့ ငှက်ငယ်တကောင်လို ငါ့ဘ၀ပါ။ အတောင်တွေ ညောင်းလဲ ငါပျံသန်းနေဦးမှာ။ ဝေးခဲ့သော်လည်း… ခရမ်းပြာ။ တချိန်မှာ နီးကြရဦးမှာလို့  ငါခေါင်းမာစွာနဲ့  အော်ဟစ်နေတုန်းပဲ…. ချစ်တဲ့ခရမ်းပြာရယ်။

(ခုတလော စိတ်တွေ လေတယ်။ အဲဒီ Video Clip လေးကို ကြည့်မိတော့ ပိုစိတ်လေတယ်။ ချစ်ရတဲ့ ညီမလေး အိမ့်ချမ်းမြေ့က ခုတလောဆိုဖြစ်တဲ့ သီချင်းလေးတွေတဲ့ တက်ဂ်ထားတယ်။ အိမ့်ရေ… ခုတလော အိပ်မက်ထဲက လူတယောက်လို ယောင်ယောင်ဝါးဝါး ဆိုညည်းမိနေတဲ့ သီချင်းက ဝေးခဲ့ပြီ ပန်းခရမ်းပြာတဲ့။ အဲဒီတပုဒ်ထဲကိုပဲ အရူးတယောက်လို ထပ်ပြန်တလဲလဲ ဆိုညည်းမိနေတာပါ။ အိမ့်ကျေနပ်နိုင်ကောင်းပါရဲ့နော်။ ကိုယ်ချစ်တဲ့ ချစ်မမတွေရော ဘာသီချင်းလေးတွေ ဆိုညည်းနေမလဲ သိချင်နေမိတယ်… မမခင်မင်းဇော်၊ မမမေငြိမ်း၊ မမသိဂီင်္၊ မမသီတာ… ပြီးတော့ မမသက်ဝေ)

Monday, October 26, 2009

မောင်



ခပ်လှမ်းလှမ်းက ပန်းခရမ်းရောင်စွယ်တော်တွေက နိုင်ငံရေးသိပ္မံ ဘာသာရပ်ထက် စွဲငြိစရာကောင်းတာကြောင့် ဒီLဆောင်က အချိန်တွေ မဖျက်ဖြစ်တာပဲလား…။ အမှတ်တမဲ့နဲ့  Lဆောင် မှန်ပြူတင်းကို ကြည့်မိတော့ မြင်တွေ့ နေကျ ကောင်လေးနံဘေးက လူတယောက်ကို မှတ်မှတ်ထင်ထင် ရှိသွားခဲ့တယ်။ လှိုင်းခပ်ကြီးကြီးတွေပါတဲ့ ဆံပင်အကြီးကြီးရယ်… အောက်နားလေးမှာ ဘဲဥပုံလိုဖြစ်သွားတဲ့ မျက်မှန်ကြီးကြီးရယ်… ပြီးတော့ အဆင်ကြီးကြီး ဟာဝေယံရှပ်ရယ်… ။ အတော်ခင်စရာကောင်းတဲ့သူပဲ။

သူငယ်ချင်းက စာအုပ်ပေါ်မှာ တခုခုရေးပြီး ကိုယ့်ကို လှမ်းပေးတယ်။ စာသင်ချိန်တွေမှာ ဒီလို စာအုပ်နဲ့  စကားပြောတတ်တာ အကျင့်ဖြစ်နေပြီ။ “ဟိုမှာ မျက်ကပ်” တဲ့။ အဲဒီကောင်လေးရဲ့ မျက်လုံးတွေက နှာခေါင်းနားအတော်ကပ်နေတာမို့  ကိုယ်တို့ အုပ်စုမှာ Nick Name ပေးခဲတဲ့ ထူးက ပေးခဲ့တဲ့ နာမည်။ ထူးစာအုပ်ပေါ်မှာ ကိုယ်ပြန်ရေးလိုက်တယ်။ “သူ့ ဘေးက တယောက်က ဆံပင်က အကြီးကြီးပဲနော်… ရယ်ရတယ်… ခင်စရာပဲ” လို့ ။ ထူးနဲ့ ထိုက် ကိုယ့်စာဖတ်ပြီး ဟိုလူကြီးဆီ အကြည့်ရောက်ပြီး တခစ်ခစ်ရယ်ကြတယ်။ အဲဒီလူကြီးကတော့ မျက်ကပ်ဘေးမှာ သစ္စာရှိစွာနဲ့  အပါးတော်မြဲလို့ ။

မှတ်စုစာအုပ်အောက်က ထူးအိမ်သင်သီချင်းစာအုပ်လေး အကြည့်ရောက်သွားပြီး စိတ်ထဲက တိုးတိုးလေး ညည်းမိတယ်။ အဲဒီတုန်းက စတွေ့ ပြီး မှတ်မှတ်ထင်ထင်ရှိခဲ့မိတဲ့ အဲဒီလူကြီးက ထူးအိမ်သင် သီချင်းတွေ စွဲမက်စရာကောင်းလောက်အောင် ဆိုတတ်လိမ့်မယ်လို့  ကိုယ်သံသယမရှိခဲ့တာ အမှန်ပဲ။

*****************************

1-3/16 အခန်းရှေ့ မှာ လူကြားထဲ ပါတိတ်အဆင်ကြီးကြီး ရှပ်အကျီ်ကို အပြင်ထုတ်ဝတ်ပြီး ပုဆိုးတိုတိုနဲ့  အဲဒီလူကြီးကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတော့ ဘာရယ်မဟုတ် ကိုယ်ပြုံးမိတယ်။ သူ့ ကိုတွေ့ လိုက်ရင် အမြဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့  အတော်အေးအေးလူလူ နေတတ်မယ့်ပုံ။ လမ်းလျှောက်ရင် လက်တဘက်ထဲ လွှဲလျှောက်တတ်တာကို ကိုယ်ကလဲ ပေါက်ပေါက်ရှာရှာ သတိထားမိသေးရဲ့။

ခုလောလောလတ်လတ် ၀ယ်ထားတဲ့ လက်ရေးကဗျာစာအုပ်လေးထဲက ကိုသျှားကဗျာတပုဒ်ကို ဖတ်နေရင်း ဆရာရောက်လာတော့ ခပ်ဝေးဝေးရောက်သွားတဲ့ ပါတိတ်အကျီ်ကြားကြားကို လှမ်းတွေ့ လိုက်ရတယ်။ ခုနောက်ပိုင်း 8-1/2မှာ… နွေးအေးမှာ… ကားပတ်ကင်မှာ… မျက်ကပ်နဲ့ အတူ တွေ့ ရစိတ်လွန်းတော့ မျက်မှန်ကြီးကြီးအောက်က အဲဒီလူကြီးရဲ့ မျက်ရစ်မပါတဲ့မျက်လုံးတွေနဲ့ တောင် ကိုယ်ကရင်းနှီးလာသလို။

*****************************

တွဲတဲ့သူငယ်ချင်းနှစ်ယောက်နဲ့  မေဂျာ ကွဲသွားရတော့ ရင်ထဲဟာတာတာ။ အတန်းထဲ ၀င်လာသူတွေကို တယောက်ပြီးတယောက်ငေးရင်း လိုက်မှတ်နေတုန်း… ဗြုန်းဆို အဆင်ကြီးကြီး စီဝိုင်စီအကျီ်ကြီးနဲ့  အဲဒီလူကြီးကို တွေ့ လိုက်ရတော့ ဘာရယ်မဟုတ် ကိုယ်ဝမ်းသာသွားမိတယ်။ သူနဲ့ ကိုယ် စကားမယ်မယ်ရရ မပြောဖူးပါပဲ ဆွေလိုမျိုးလို ကိုယ့်စိတ်ထဲ ရင်းနှီးနေမိတာ ထူးဆန်းသားလား။ မျက်မှန်အောက်က မျက်လုံးတွေက ကိုယ့်ဆီအရောက် သူကယောင်ယောင်လေး ပြုံးပြသွားတယ်။ သူ့ ပုံကြည့်ရတာ ကိုယ်ဒီမေဂျာရတာ သိပြီးနေသလို။ ပြီးတော့… မေဂျာကွဲသွားတဲ့ သူ့ သူငယ်ချင်းလေးအတွက် ကြေကွဲနေသလို။

ပထမနှစ်ကတည်းက မတွဲဖြစ်ပေမယ့် ရင်းနှီးလက်စရှိတဲ့ ကောင်မလေး သုံးယောက်ကို ပြုံးပြလိုက်တယ်။ စကားဖောင်ဖွဲ့ တတ်တဲ့ ကိုယ့်အကျင့်အတိုင်း စကားတွေဖောင်ဖွဲ့ ။ ဆံပင်ရှည်ရှည်နဲ့  မြန်မာအကျီင်္လေးတွေ ၀တ်တတ်တဲ့ အမြဲပြုံးနေတတ်တဲ့ မဟာဆန်သူလေးရယ်… ရှပ်အကျီ်ပွပွလေးတွေ အမြဲဝတ်တတ်တဲ့ ယောင်္ကျားလေးနဲ့ တူတဲ့ ကောင်မလေးရယ်… မျက်မှန်လေးနဲ့  ပွင့်ပွင့်လင်းလင်းစကားပြောတတ်တဲ့ ကောင်မလေးရယ်… ပြီးတော့ ကိုယ်ရယ်။ အဲဒီလူကြီးနဲ့ ကိုယ်တို့ တွေ အမျိုးတော်ရလိမ့်မယ်လို့  မထင်မှတ်ခဲ့ဘူး။

*****************************

“ညည်းတို့ ကို ငါက programming ရှင်းပြမယ်… ငါ့ကို ညည်းတို့ က Microwave ရှင်းပြ”

ကိုယ်တို့ ကို အဲဒီလူကြီးက သူ့ တူမတွေကို စကားပြောသလို ညည်းတို့ လို့  နာမ်စားသုံးပြီး ပြောတတ်တယ်။ ဒါကြောင့်ပဲ သူနဲ့  မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ခင်မိသွားသလားမသိ။ သူနဲ့ စကားပြောရတာ ကိုယ့်ဆွေကိုယ်မျိုးနဲ့  စကားပြောရသလို လွတ်လွတ်လပ်လပ်ရှိတယ်။ ဘာအထာမှမရှိ။ သူဝတ်ထားတဲ့ အ၀ါရောင်တောက်တောက် တီရှပ်ပေါ်က ကာတွန်းရုပ်လေးကြည့်ပြီး သူ့ အကြိုက်ဆုံးအရောင်က အ၀ါရောင်ထင်ရဲ့လို့  ကိုယ်ကအတွေးနယ်ချဲ့ နေမိတယ်။

သူနဲ့ သူငယ်ချင်းဖြစ်မှ သူ့ ပုံစံနဲ့ မဆီမဆိုင် သိခဲ့ရတာတွေ…. လူကသာ လူကြီးပုံဖြစ်ပေမယ့် သူက ကိုယ့်ထက်တောင် ၆လ ငယ်သေးတာရယ်… သူ့ အိမ်ကကြောင်လေးတွေ အကြောင်းပြောပြတဲ့အခါ သူ့ မျက်လုံးတွေပြုံးနေတာရယ်… ပြီးတော့ သူဂီတာကို ခုံခုံမင်မင် တီးတတ်တာရယ်… ထူးအိမ်သင်သီချင်းတွေ အရူးအမူးကြိုက်တတ်တာရယ်။

*****************************

ကျောင်းရှေ့ တိုင်လုံးကြီးတွေ နောက်ခံထားပြီး လွတ်လပ်ပေါ့ပါးစွာ ရယ်မောနေကြတဲ့ ကိုယ်တို့  ၄ ယောက်ရဲ့ ကျောင်းသူဘ၀လွတ်လပ်ခြင်းတွေ အထင်းသား ပေါ်လွင်နေတဲ့ ဓာတ်ပုံလေးပြန်ကြည့် ဖြစ်ရင် အဲဒီလူကြီးကို လွမ်းတတ်တယ်။ (သူငယ်ချင်းတယောက်ရဲ့ ဖြူစင်တဲ့ အလွမ်းနဲ့ ပါ)။ အဲဒီဓာတ်ပုံလေးကို ကိုယ်တို့ နောက်ဆုံးနှစ်က သူရိုက်ပေးခဲ့တာ။

နောက်ဆုံးနှစ်အမှတ်တရ စာအုပ်လေးထုတ်တော့ သူ့ အော်တိုစာမျက်နှာမှာ ကိုယ်က သူ့ အတွက် ကောင်မလေးတယောက်ရှာပေးဖို့  တာဝန်ယူခဲ့တယ်။ ဘာရယ်မဟုတ်ပါဘူး။ ကိုယ့်ဦးလေး လူပျိုကြီးတယောက်အတွက် တူမက ကြင်ယာရှာပေးချင်ရုံသက်သက်ပါ။ ကျောင်းပြီးလို့  အလုပ်ဝင်တဲ့အထိ သင့်တော်တာလေးများတွေ့ ရင် ကိုယ်က သူ့ ကို သတိရနေမိတယ်။

ပြန်တွေ့ တဲ့အခါ သူ့ ဆံပင်အကြီးကြီး ပျောက်သွားတယ်။ အဲဒီဆံပင်အကြီးကြီးကို လွမ်းလိုက်တာ။ ကိုယ် သူ့ ကို စခင်မိတဲ့အထဲမှာ ဆံပင်အကြီးကြီးက စတာမိုလား။ ပြီးတော့ အဆင်ကြီးကြီး အကျီင်္တွေ သူ့ ကိုယ်ပေါ်မှာ မတွေ့ ရပဲ ရှပ်အဖြူလက်ရှည်ကို ပုဆိုးထဲ ထည့်ဝတ်လို့ … ကိုယ့်စိတ်ထဲ အရင်က ကိုယ်တို့ ဦးလေးမဟုတ်တော့သလို… ခပ်စိမ်းစိမ်းနဲ့ ။ လူကြီးအတော်ဆန်သွားတဲ့သူက ကွန်ပြူတာတွေကြားထဲမှာ ပျော်နေခဲ့ချိန်… ကိုယ်ကတော့ ကျောင်းတုန်းက ကလေးဆန်တဲ့အကျင့်တွေ မပျောက်ပဲ ဟိုမရောက်ဒီမရောက်နဲ့  အလုပ်ခွင်မှာ လူကြီးမဖြစ်တဖြစ်။

*****************************

အမှတ်မထင် သူနဲ့ ပြန်ဆုံတဲ့အခါ ရင်ထဲပိုလို့  နွေးထွေးခဲ့မိတယ်။ ကျောင်းကို လွမ်းနာကျနေတဲ့ ကိုယ်က ကျောင်းတုန်းက အရမ်းရင်းနှီးတဲ့ သူ့ ကို ပြန်အတွေ့  စကားတွေ ဖောင်ဖွဲ့ လို့ မကုန်။ အနာဂတ်အကြောင်းတွေလဲ ပြောဖြစ်ကြသေးရဲ့။ ခပ်ဝါးဝါး အနာဂတ်လမ်းတခုပေါ် ကိုယ်တို့  စမ်းတ၀ါးဝါး လျှောက်နေကြတဲ့အချိန်။

တစုံတခုသောအကြောင်းကြောင့် သူနဲ့ ကိုယ် မကြာခဏ ပြန်ဆုံမိခဲ့တယ်။ ဘာရယ်မဟုတ်ပါဘူး။ ညနေရုံးကပြန်ရောက်ချိန်ဆို သူ့ ဖုန်းသံကို ကိုယ်က မျှော်တတ်လာတယ်။ ကိုယ်တကယ် မေ့လျော့နေခဲ့မိတာ။ အရင်က သူဘာကြောင့် ကိုယ့်ဆီ ဖုန်းဆက်ဖို့  သတိမရပဲ ခုမှ နေ့ တိုင်းလိုလို ဖုန်းတွေ ဆက်နေခဲ့ရတာလဲ။ များသောအားဖြင့် ဖုန်းဆက်သူက နားထောင်သူဖြစ်ပြီး… ကိုယ်က ကိုယ့်အကျင့်အတိုင်း စကားတွေဖောင်ဖွဲ့  နေတတ်တာ။ သူ့ ဖုန်းသံတွေ စိတ်လာတော့ မေမေက သံသယစကား တခွန်းပြောခဲ့တယ်။ သံသယ…. ကိုယ်တို့ နှစ်ယောက်ကြားက အဖြူရောင်နံရံတခု ပါးသထက်ပါးလျလာတာ ကိုယ်တကယ် သတိမထားမိခဲ့တာပါ လူကြီးရေ။

*****************************

အဖြူရောင် ဗလာစာရွက်ပေါ်မှာ ခပ်ရှင်းရှင်းရေးထားတဲ့ ကဗျာသိပ်မဆန်လှတဲ့ စာတစောင်ကို အပြန်ပြန် အလှန်လှန် အလွတ်ရတဲ့ အထိ ကိုယ်ဖတ်နေမိခဲ့တယ်။ ဘယ်အရာတခုက ကိုယ်တို့ နှစ်ယောက်ကြားကို ခပ်ဆိတ်ဆိတ်ဝင်လာပြီး ပါးလျနေတဲ့ နံရံပါးပါးကို ဖြိုချခဲ့သလဲ။ ကိုယ့်ရင်ထဲမှာ မေးခွန်းတွေ မေးလိုက်။ အဖြေတွေဖြေလိုက်။ သံယောဇဉ်တွေကို ရေလိုက်နဲ့ ။ တယောက်ထဲ ရူးခဲ့ရတဲ့အချိန်တွေ။

ကိုယ့်နာမည်ကို တိုးတိုးလေးတလုံးထဲ သူခေါ်တဲ့အခါ ကိုယ့်ရင်ထဲမှာ သူ့ ကို ပေးဖို့ အဖြေတခု ဘာကြောင့် အဆင်သင့်ဖြစ်နေခဲ့သလဲ။ ထူးဆန်းလိုက်တာ လူကြီးရေ။ ဆယ်နှစ်လုံးလုံး ကိုယ့်နံဘေးမှာ သူရှိနေတုန်းက ဘယ်မှာ သွားရောက်ခိုပုန်းနေခဲ့တဲ့ အဲဒီအရာက ခုကျမှ ဘာကြောင့် ကိုယ်တို့ နှစ်ယောက်ကြားကို ရုတ်တရက် ရောက်လာခဲ့သလဲ။ သူပေးခဲ့တဲ့ အကောင်လေးတကောင်နဲ့ တူတဲ့ ဘောပင် လိမ္မော်ရောင်လေးကို မသုံးရက်ပဲ တိတ်တိတ်သိမ်းထားမိခဲ့တာ ဘာကြောင့်လဲ။ ကိုယ်တကယ်မသိတော့ဘူးလေ။

*****************************

ကိုယ်က စောင့်ဆို သူက တိတ်တိတ်ဆိတ်ဆိတ် စောင့်နေခဲ့တယ်။ ကိုယ်က လာဆိုမှ သူလှမ်းလာခဲ့တယ်။ သူများ သမီးရီးစားတွေလို ပျော်ရွှင်လွတ်လပ်မှု မရှိတဲ့ ကိုယ်ပေးတဲ့ဘ၀မှာ သူနေသားကျအောင် နေပေးခဲ့တယ်။ ကိုယ်က နေရစ်ခဲ့ဦး ဆိုတော့လဲ သူမတားရက်ပဲ တယောက်ထဲ နေခဲ့တယ်။

တကယ်ဆို ထားရစ်ခဲ့တဲ့ ကိုယ်ကပဲ ရူးမတတ်လွမ်းခဲ့တာ။ ကိုယ်တို့  နှစ်ယောက်ဆုံနေကျ အင်းလျားကန်နံဘေးက သစ်ပင်လေးကို ဘောင်ခတ်ထားတဲ့ ထိုင်ခုံလေး။ အင်းလျားကန်နံဘေးဆိုလို့  ကဗျာဆန်ဆန်လေးမှ မဟုတ်တာ။ ဘယ်သူမှ မသိတဲ့ လူသူရှုပ်ထွေးတဲ့ ကိုယ်တို့ ရုံး အ၀င်ဝက ခုံတန်းလေးပေါ့။ သူနဲ့ ပြန်ဆုံရဦးမှာလား… ပြန်မဆုံရတော့ဘူးလား… ရည်ရွယ်ချက်တွေနောက် လောဘတကြီးလိုက်ခဲ့တဲ့ ကိုယ်က တကိုယ်ကောင်းဆန်သူပါ ချစ်သူရေ။ တခါတခါ ရည်ရွယ်ချက်တွေကို လွှင့်ပစ်ပြီး ကိုယ့်လက်လေးကို ဖွဖွဆုတ်ကိုင်တတ်တဲ့ သူ့ ဆီသာ ထွက်ပြေးလိုက်ချင်မိတယ်။ လွမ်းတယ်မောင်။

*****************************

သူက ချစ်တယ်ဆိုတဲ့ စကားကို တဖွဖွမဆိုတတ်ပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရရင် မတည်မငြိမ်သွေးပျက်တတ်တဲ့ ကိုယ့်ကို တည်တည်ငြိမ်ငြိမ် လူကြီးဆန်လာအောင် မသိမသာ ပုံသွင်းပေးခဲ့တယ်။ ကိုယ့်ကိုယ်ကို သတိထားမိတဲ့အခါ… သူ့ ကို ကိုယ်အတန်တန် ကျေးဇူးတင်မိတယ်။ သူက ဒါလုပ်လို့  ကိုယ့်ကို ဘယ်တော့မှ အမိန့်  မပေးခဲ့ပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့ လမ်းကြောင်းတွေကို ပါးနပ်စွာ ချပြပေးခဲ့တာ ကိုယ်တောင် မရိပ်မိလိုက်ပဲ… ရိပ်မိသိရှိလိုက်တဲ့ အချိန်မှာ ကိုယ်က သူချပြပေးခဲ့တဲ့ လမ်းပေါ်မှာ အတော်တောင် ခရီးရောက်ခဲ့ပြီလေ။

သူ့ ဆီက ရင်ခုန်လှိုက်မောစရာ ကဗျာဆန်ဆန်လက်ဆောင်ဘာတခုမှ မရခဲ့ဘူးပေမယ့်… သူ့ အတွေ့ အကြုံလေးတွေ ဝေမျှရင်း… သူ့ အတွေးအခေါ်လေးတွေ ဖြန့် ဝေရင်း… လောကကြီးကို ရင်ဆိုင်တတ်ဖို့  သူပေးခဲ့တဲ့အင်အားတခုဟာ ကိုယ့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တခုပါပဲ။ သူပေးခဲ့တဲ့ သူပေးနေဆဲဖြစ်တဲ့ သူပေးနေဦးမယ့် အိမ်ထောင်တခုရဲ့ အဆီအနှစ်ဖြစ်တဲ့ လှပတဲ့ သစ္စာတရားနဲ့  အေးမြတဲ့မေတ္တာတရား လက်ဆောင်လေးတွေထက် ကိုယ်က ဘာများလိုအပ်ဦးမှာလဲ။

ဖခင်နဲ့ တူသောခင်ပွန်း…
အကိုနဲ့ တူသောခင်ပွန်း…
သူငယ်ချင်းနဲ့ တူသောခင်ပွန်း…
ကိုယ့်ရဲ့ ချစ်သောမောင်… ဒီမွေးနေ့ မှသည် ချစ်တဲ့ မိသားစုလေးနဲ့ အတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ငြိမ်းချမ်းစွာနဲ့  မွေးနေပေါင်း ရာထောင်သောင်းတိုင်ပါစေလို့ …။

(25-Oct-2009 မှာ ကျရောက်တဲ့ ချစ်သောခင်ပွန်းမွေးနေ့ အမှတ်တရ)

တန်ခူး
10:26pm 26-Oct-2009

Thursday, October 15, 2009

တ for တန်ခူး

ချစ်မမကြီး မခင်မင်းဇော်က တက်ဂ်ထားတာလေးပါ။ အမှတ်တမဲ့ကြည့်ရင် လွယ်တယ်ထင်ရပေမယ့် တကယ်ရေးကြည့်မှ အတော် ဦးနှောက်စားရပါတယ်။ အမှတ်တရတက်ဂ်ပေးတာ ကျေးဇူးပါ ချစ်မမရေ။

T for Takhu…

1. What is your name : Takhu (တန်ခူးလမှာ မွေးသူမို့ လေ…)

2. A four Letter Word : Time (အချိန်နဲ့ ဒီရေသည် လူကို မစောင့်တဲ့…)

3. A boy's Name : Twitpi (ဟော်လီဝုဒ်မင်းသား မဟုတ်ပါဘူး… မြန်မာပြည်က နာမည်ကျော် တွတ်ပီ)

4. A girl's Name : Tabitha Nauser (Singapore Idol 2009 contestant ပါ… အသက် ၁၇နှစ်ထဲ ရှိသေးတဲ့ လှလဲလှ ချစ်စရာလဲကောင်းတဲ့ ကောင်မလေး… ဒါပေမယ့် လူကြိုက်နဲတာ အံ့သြစရာ… ကိုယ်ကတော့ ကြိုက်တယ်လေ…)

5. An occupation : Teacher (လုပ်ချင်ပြီး မလုပ်ဖြစ်ခဲ့တဲ့ အလုပ်…)

6. A color : Tomato (သားရဲ့ အကြိုက်ဆုံးအရောင်လေ…)

7. Something you'll wear : Tree Bulk (နေ့ တိုင်း သနပ်ခါးမလိမ်းရရင် မနေနိုင်ပါဘူး…)

8. A food : Tea leaf salad (အကြိုက်ဆုံး… ဘယ်အချိန်ထမေးမေး စားချင်တယ်… ဒါပေမယ့် ကျန်းမာရေး အခြေအနေကြောင့် ဝေးခဲ့ရတာကြာပေါ့လေ…)

9. Something found in the bathroom : Towel ( တဘက်က ရေချိုးရင် မရှိမဖြစ်လေ…)

10. A place : Toa Payoh Buddhist temple ( ဘုရားတရားမမေ့တတ်သူပါ…)

11. A reason for being late : Traffic jam (ဖြစ်နေကျ… မိုးရွာတဲ့နေ့ ဆို ပိုဆိုးသေး…)

12. Something you'd shout : Tell me the truth (လိမ်လွန်းလို့ … သည်းမခံနိုင်ဘူး…ဘယ်သူ့ ပြောလဲ သဘောပေါက်တယ်မိုလား…)

13. A movie title : The Princess Diaries (မင်းသမီးလေးကလဲလှ ဇာတ်ကားလေးကလဲ မြူးမြူးလေးမို့  တီဗွီမှာ လာတိုင်းကြည့်ဖြစ်တယ်… ဘုရင်မကြီးကိုလဲကြိုက်တယ်…)

14. Something you drink : tea (Myanmar) (ရေနွေးကြမ်းကို ဆိုလိုတာပါ…)

15. A musical group : The eagles (မြန်မာသီချင်းတွေအများကြီး ကော်ပီလုပ်ထားလို့ လား မသိဘူး… ကြိုက်တယ်… ရင်းနှီးတယ်…)

16. An animal : Tiger (တင်္နလာကျားလေ… ကိုယ့်နေ့ နံပေါ့…)

17. A street name : TPE (ဘာလို့ လဲ မသိဘူး… အရောက်အပေါက်နဲ လို့ ထင်တယ်… အဲဒီ express way ကသွားရတာပျော်တယ်…)

18. A type of car : Trolly (အမြင့်ကြီးမမှန်းရဲပါဘူး… ကိုယ်ဟာ ဘ၀သမားပါ…)

19. The title of a song : Take me home ( ကာရာအိုကေမှာ အင်္ဂလိပ်သီချင်းဆိုခိုင်းရင် ဒါပဲရလို့  ဆိုရတာလဲ လွယ်လို့  ဆိုနေကျ…)

20. A verb : Try (တနေ့ တလံ ပုဂံဘယ်ရွေ့ မလဲတဲ့… အားမလျော့နဲ့ … ကြိုးစားကြပါစို့ နော်…)

**************
တ for တန်ခူး

1. What is your name : တန်ခူး (တ တမာပင် ရွာအ၀င်…ဟုတ်ပါဘူး…တ တန်ခူး ဘလော့ရူး… ဟိဟိ…)

2. A four Letter Word : တောက်တီးတောက်တဲ့ (ကောင်းကောင်းပြောပါ…အဲလိုတွေ လျှောက်မပြောနဲ့ … မကြိုက်ဘူး…)

3. A boy's Name : တွတ်ပီ (သိပ်ပေါ်ပြူလာဖြစ်တဲ့ကောင်ကလေး…)

4. A girl's Name : တင်ဇာမော် (girl တော့ မဟုတ်တော့ပါဘူး… အကြိုက်ဆုံးအဆိုတော်ထဲက တယောက်…)

5. An occupation : တူရိယာပညာရှင်( တကယ်တော့ ၀ါးလက်ခုပ်တောင် ဖြစ်မြောက်အောင် မတီးတတ်ပါဘူး… စန္ဒယားလေးတီးပြီး မာမာအေး သီချင်းလေးတွေ ညည်းချင်ရုံသက်သက်ပါ…)

6. A color : တောက်တောက်ခါးခါး ( ထင်ပေါ်အောင်လို့ လေ… မယုံပါနဲ့ … တထည်မှ မရှိပါဘူး…)

7. Something you'll wear : တရုတ်ပိတ် (RIT ပထမနှစ်၊ ဒုတိယနှစ်တုန်းက သိပ်ပေါ်ပြူလာဖြစ်ခဲ့တာပေါ့… အဆင်နုတ်နုတ်လေးတွေဆို ခုထိချစ်တုန်း…)

8. A food : တို့ ဘူးသုတ် (အထမ်းသည်တို့  မှောင်မှောင်သည်တို့ ရောင်းတာဆို ပိုကြိုက်တယ်…)

9. Something found in the bathroom : တစ်ရှုးပေပါ (အိမ်သာနဲ့ ရေချိုးခန်းတွဲလျက်မို့ ပါ…)

10. A place : တောင်ကြီး (ဒီတခေါက်ပြန်ရင်သွားချင်တာ… မရောက်တာကြာပြီလေ…)

11. A reason for being late : တိုးရကြိတ်ရ(saleဆိုသွားလိုက်တာ တိုးနေကြိတ်နေတာနဲ့  အိမ်ပြန်နောက်ကျသွားတယ်… မဆူနဲ့ နော်…)

12. Something you'd shout : တော်တန်တိတ် (ဆက်မပြောပါနဲ့ တော့… နားထောင်ဖို့  စွမ်းအားကို မရှိလို့ ပါ… ဘယ်သူ့ ကို ပြောတာလဲ…သဘောပေါက်)

13. A movie title : တခါကတဘ၀(ခင်သီတာထွန်း ဆံပင်စင်းစင်းလေးနဲ့ သိပ်လှတဲ့ကား… ကြည့်ဖူးလား…)

14. Something you drink : တွင်းရေ (အိမ်ပြန်ရောက်ရင် တွင်းရေလေးသောက်လိုက်ရတာကိုက အရသာတမျိုး… ရေကို အနံ့ အရသာမရှိဘူးလို့ ဘယ်သူပြောလဲ… တွင်းရေလေးက အေးပြီးချိုမြနေတာ…)

15. A musical group : တယောကိုတင်ရီ (ဟိဟိ… တ၀မ်းပူနဲ့  စတာ ဒါပဲ စဉ်းစားလို့ ရတယ်… အမှန်ပြောရရင် တယောကို သိပ်မခံစားတတ်ဘူး)

16. An animal : တောက်တဲ့…ဟုတ်ပါဘူး… တစ်တီတူး…ဒါလဲမကောင်းဖူး… တီကောင်… ဟင်း…ပိုတောင်ဆိုးသေး (ဘယ်လိုလုပ်ရပါ့…)

17. A street name : တက္ကသိုလ်ရိပ်သာလမ်း (ရင်ထဲ အမြဲရှိတဲ့ လမ်းကလေးပါ…)

18. A type of car : တက်စီ (အချိန်လုရတဲ့အခါ နှမျောမျောနဲ့ စီးရတဲ့ ကားပေါ့…)

19. The title of a song : တက္ကသိုလ်ကျောင်းက ငွေလမင်း (ချိုပြုံးဆိုတာ အကြိုက်ဆုံး… ဘာလို့ လဲ မသိဘူး နားထောင်မိတိုင်း ငိုချင်တယ်…)

20. A verb : တိုးတက်အောင်ကြံဆောင် (အဟဲ…အဆုံးပိတ်လေးကို တည်တည်တံ့တံ့နဲ့  ပိတ်လိုက်တာ…)

ဆက်တက်ဂ်ချင်သူများကတော့

၁) ညီမလေး ကေ ( ကကြီးက ရေးလို့ ကောင်းမယ် ထင်လို့ ပါ… တက်ဂ်တာ တက်ဂ်ရတာ စိန်ပန်းနဲ့ ကံ့ကော် အဆက်ပြတ်သွားရင် ဒုက္ခ… နှစ်မျိုးလုံးပြိုင်တူရေးနော်… နှိပ်စက်တာ ဟုတ်ဘူးနော်)
၂) ညီမလေး မိုမိချီ ( ဒီနာမည်အသစ်လေးနဲ့  တခါမှ မတက်ဂ်ဖူးလို့ )
၃) ညီမလေး ခွန်မြလှိုင် ( ပိုကြူးလေးအတွက် ဖတ်စာလေးကို ကြိုက်သွားလို့ လှိုင်ရေ)
၎) မောင်လေး ရွာသားလေး (Y က ခက်မယ်ဆိုတာတော့ သိပါတယ်… နှိပ်စက်တယ်လို့  မထင်ပါနဲ့ နော်)
၅) မောင်လေးပုလုကွေး ( Pကလဲ လွယ်မယ်… ပ ကလဲ လွယ်မယ်… တခါမှ မတက်ဂ်ဘူးလို့  လွယ်လွယ်လေးနဲ့  စတက်ဂ်လိုက်တယ် ပုလုရေ)

ပျော်စရာလေးမို့  ရေးပေးကြပါနော်… ကျေးဇူးတင်ပါတယ်။

တန်ခူး
9:50am 15-Oct-2009

Tuesday, October 13, 2009

ပိန္နဲစေ့ဟင်း

ပိတ်ရက် ဈေးသွားရင် သမားရိုးကျဟင်းတွေ ချက်ရတာ ငြီးငွေ့ လို့  ဘာလေးများ ထူးထူးဆန်းဆန်း ရှိမလဲလို့  မျက်စိကစားတတ်တာ ကျွန်မအကျင့်။ ပြီးခဲ့တဲ့အပတ်က ဈေးရောက်တော့ ပိန္နဲမွှာ အကြီးကြီးတွေ တွေ့ တာနဲ့  ပိန္နဲစေ့ဟင်း ချက်စားဖို့  သွားသတိရပါတယ်။ ထမင်းမြိန်တဲ့ ဟင်းတခွက်ဖြစ်တဲ့ အပြင် သက်သက်လွတ်စားသူများ အတွက်လဲ သက်သက်လွတ်ချက်လို့  ရတာမို့  ဘလော့ရောင်းရင်းတို့ အတွက် ဝေမျှလိုက်ပါတယ်။

ပိန္နဲစေ့ဟင်းကို ကျွန်မကို မိတ်ဆက်ပေးခဲ့တာ RITတုန်းက တွဲခဲ့တဲ့ သူငယ်ချင်း ရခိုင်မလေးပါ။ သူတို့ အိမ်မှာ ထမင်းသွားစားရင်းနဲ့  ပိန္နဲစေ့ဟင်းကို အစွဲကြီးစွဲခဲ့ရတာပါ။ အဲဒီတုန်းက ခုလို အစာအိမ်ရောဂါမရှိသေးတော့ ပိန္နဲစေ့ဟင်းခပ်ပြင်းပြင်းလေးကို ငရုတ်သီးငါးခြောက်ကျော် စပ်စပ်လေးနဲ့  တရှုးရှုး တရှဲရှဲ ဖြစ်အောင် စားရတာများ ခုပြန်တွေးတောင် အရသာရှိတုန်း။ ခုတော့ ပိန္နဲစေ့ဟင်းစားချင်ရင် အချိုချက်ပဲ ချက်စားဖြစ်ပါတော့တယ်။ ပေါက်ပေါက်ရှာရှာ သိပ်မစားတတ်တဲ့ ကျွန်မခင်ပွန်းတောင် ခံတွင်းတွေ့ တဲ့ဟင်းမို့  ဘလော့ရောင်းရင်းတို့ လဲ နှစ်သက်လိမ့်မယ်လို့  မျှော်လင့်မိပါတယ်။

တကယ်တော့ ပိန္နဲစေ့ဟင်းက သာမာန်ဟင်းတွေလိုပဲ လွယ်လွယ်ကူကူ ချက်လို့ ရတဲ့ ဟင်းပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ ပိန္နဲမွှာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား (သက်သက်လွတ်အတွက် ဆား၊ အချိုချက်အတွက် ငံပြာရည်၊ အစပ်ချက်အတွက် ငါးပိ)၊ နှမ်း၊ အစပ်ချက်အတွက် ငရုတ်သီးစိမ်း ၄ ၅ တောင့်ပါပဲ။

ပိန္နဲမွှာထဲက ပိန္နဲစေ့လေးတွေ ထုတ်ပြီး ရေစင်အောင် ဆေးပါ။ ပြီးတော့ ဆားအနည်းငယ်ထည့်ပြီး နူးသည်အထိပြုတ်ပါ။ အရမ်းပျော့အောင် မထားရပါဘူး။ နူးတဲ့အခါ အခွံကြည်လေးတွေ နွှာပြီး နှစ်ခြမ်းခွဲပါ။



အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူနီကို ထုံးစံအတိုင်း နနွင်းမှုန့် ၊ အရောင်တင်မှုန့် ထည့်ပြီး ဆီသတ်ပါ၊ အစပ်ချက်အတွက်ဆို အသင့်ထောင်းထားတဲ့ ငရုတ်သီးစိမ်းလေးတွေပါ ထည့်ဆီသတ်ရပါမယ်။ ကြက်သွန်ညှိးပြီး မွှေးလာတဲ့အခါ ငံပြာရည်(သို့ ) ဆားအနည်းငယ် (အစပ်ချက်အတွက်ဆို ငါးပိ) ထည့်ပေးပြီး ခဏမွှေပါ။ ပြီးတဲ့အခါ ပိန္နဲစေ့လေးတွေ ထည့်ပြီး လုံးပါ၊ ၅မိနစ်လောက်လုံးပြီး ရေအနည်းငယ်ထည့်ပြီး ရေခမ်းခါနီးအထိ ပွက်ပါစေ။





ရေခမ်းခါနီးမှာ နှမ်းလေးတွေ ဖြူးထည့်ရပါမယ်။ ပြီးတော့ နှမ်းလေးတွေ နှံ့ သွားအောင် မွှေပေးပါ။ နှမ်းနဲ့  ပိန္နဲစေ့လေးတွေ ခပ်ထွေးထွေးဖြစ်သွားတဲ့အခါ ချလို့ ရပါပြီ။ အစပ်ချက်အတွက်ဆို ဆီသတ်တုန်းက ဆီလျှော့ထည့်ပြီး အရည်စပ်စပ်လေးနဲ့ ချရင် ပိုစားကောင်းပါတယ်။








တွဲဖက်စားလို့ ကောင်းတဲ့ဟင်းကတော့ အာဗြဲခြောက်ကျော် ကြွတ်ကြွတ်လေးနဲ့ ပေါ့။ ပိန္နဲသီးများ လွယ်လွယ်ကူကူ ၀ယ်လို့ ရခဲ့ရင် စမ်းကြည့်ပါလားမိတ်ဆွေ။ ထမင်းမြိန်မှာ အာမခံတယ်ဗျို့ ။

တန်ခူး
9:38pm 13-Oct-2009

Wednesday, October 7, 2009

မေ့တတ်သူ

သားတို့ ကျောင်းက lost and found ကောင်တာလေးမှာ ခြေအိတ်သေးသေးလေးတွေ၊ ဘောင်းဘီသေးသေးလေးတွေ၊ ကလစ်လေးတွေ တွေ့ တော့ ကျွန်မပြုံးမိပါတယ်။ ကလေးလေးတွေဆိုတော့ ဘယ်ကိုယ့်ပစ္စည်းကို သေချာ ထိန်းသိမ်းတတ်ဦးမလဲ။ ကျွန်မဆို အသက်တော်တော်ကြီး တက္ကသိုလ်ရောက်တဲ့အထိ ပျောက်လို့ ကောင်းနေတုန်းလေ။

ကျွန်မငယ်ငယ် မှတ်မှတ်ရရ ၃တန်းတုန်းကပေါ့။ အမေက ငယ်ငယ်လေး ကတည်းက အောက်က ဘလောက်စ်အဖြူလေးဝတ်၊ ပြီးရင် အပေါ်က အစိမ်းရောင် ဂါဝန်လက်ပြတ်လေး ထပ်ဝတ်… အဲဒါမျိုးလေးဆင်ပါတယ်။ ကျွန်မတို့ ခေတ်တုန်းက ဘယ်ဝတ်စုံဘယ်လိုပုံဆို သတ်မှတ်မထားပါဘူး။ အဖြူအစိမ်းဖြစ်ရင်ပြီးရော… ၆တန်းရောက်မှ ရင်ဖုန်းနဲ့ ထမီဝတ်ရတာပါ။ ၃ တန်းရောက်တော့ သူများတွေ စကတ်ဝတ်တာ အားကျတာနဲ့  အမေ့ကို ပူဆာပါတယ်။ အမေကလဲ အဖြူရောင်လက်ဖောင်းအကျီင်္လေးနဲ့  စကတ်ကားကားအစိမ်းရောင်လေး ၀ယ်ပေးတယ်။ တခါမှ စကတ်မ၀တ်ဖူးတော့ အရမ်းပျော်ရွှင်စွာနဲ့  ၀တ်သွားတာပေါ့။ ပြဿနာက ညနေကျောင်းဆင်းချိန်မှာ စတာပါ။ ညနေကျောင်းဆင်းချိန်ဆို ငုဝါပင်ကြီးအောက် လွယ်အိတ်ကို ပစ်ချ၊ အိမ်က လာမကြိုမချင်း ဆော့တတ်တဲ့ ကျွန်မ… စကတ်ကြီး တခါမှ မ၀တ်ဖူးတော့ စိတ်ထဲ ပြေးရလွှားရတာ မလွတ်လပ်ဖူးဆိုပြီး စကတ်ကိုချွတ် လွယ်အိတ်ပေါ်တင်၊ အောက်ခံဘောင်းဘီလေးနဲ့ အကျီင်္အဖြူလေးနဲ့  အားရပါးရပြေးလွှားဆော့တော့တာပါပဲ။ ဦးလေးလာကြိုတော့ လွယ်အိတ်လေးလွယ် ခပ်တည်တည်နဲ့  လိုက်မလို့  လုပ်တုန်း ဦးလေးက စကတ်ဘယ်မှာလဲဆိုမှ သတိရပါတော့တယ်။ ကျွန်မစကတ်မရှိတော့ပါဘူး။ အဲဒီပုံစံလေးအတိုင်း အိမ်ရောက်အောင်ပြန်ခဲ့ရပါတယ်။ အိမ်ရောက်တော့ စကတ်ဗလာနဲ့ ကျွန်မကို အမေက ဆူပြီး ဒဏ်ပေးတဲ့ အနေနဲ့  ၅တန်းအထိ စကတ်လုံးဝ ၀ယ်မပေးတော့ပါဘူး။ အဲဒီအဖြစ်ကတော့ မေ့တတ်တဲ့ ကျွန်မရာဇ၀င်တွင်တဲ့ အဖြစ်မို့  ဒီနေ့ ထက်ထိ သတိရတိုင်း အမေက ပြန်ပြောပြတတ်ပါတယ်။

သူများတွေများ ငယ်ငယ်လေး ကတည်းက ပစ္စည်းလေးတွေ ထိန်းသိမ်းတတ်လိုက်ကြတာ။ ကျွန်မညီမလေးက အစပါ။ ကျွန်မကတော့ မော့မော့ မော့မော့နဲ့ ။ လသာ၂တုန်းက ညနေကျောင်းဆင်းချိန် မဟာလှေခါးက ကျပ်ကျပ်သပ်သပ် ဆင်းတဲ့အခါ ခဏခဏ ပျောက်တတ်ပါတယ်။ နှစ်ထပ်ကွန်ဗာဘူးလှလှလေး ၀ယ်ပေးလိုက် တနေ့ မခံပါဘူး။ မနက်ကယူသွား ညနေပြန်ပါမလာတော့ဘူးလေ။ ဒါကြောင့် သူများတွေလို စာရေးကိရိယာ လှလှလေးတွေ ကျွန်မဆီမှာ မရှိပါဘူး။ မပျောက်တဲ့ သံကွန်ဗာဘူးပဲ ကိုင်ရပါတယ်။ အရောင်စုံတဲ့ ထီးလှလှလေးလဲ တပတ်လောက်သာခံပြီး ပျောက်တာပါပဲ။ ဒီတော့ မိုးကာအကျီ်နဲ့  စခန်းသွားရတော့တာပေါ့။

မျက်မှန်စတပ်ရတော့ မျက်မှန်နဲ့ မလိုက်တဲ့ ကိုယ့်ရုပ်ကြီး စိတ်ပျက်လွန်းလို့  ကျောက်သင်ပုန်းပေါ်က စာကြည့်ချိန်ကလွဲရင် ကျန်တဲ့အချိန် မတပ်ပါဘူး။ အဖေက အမြဲမတပ်ရင် ပါဝါတိုးမယ်ပြောလဲ အဖေ့ရှေ့ တပ်ပြီး ကွယ်ရာမှာ ဖြုတ်ထားတတ်ပါတယ်။ ရ တန်း စာမေးပွဲ သင်္ချာဖြေပြီးတော့ မျက်မှန်ကြီး စာသင်ခုံထဲမေ့ကျန်ခဲ့တော့ မျက်မှန်မတပ်ပဲနေတာ မိပါလေရော။ စာမေးပွဲတွင်းကြီး ချက်ချင်းမျက်မှန်ပြေးလုပ်ရတာမို့  အဖေအတော်ဒေါသထွက်ခဲ့တာပါ။ အဲဒီလို ခဏခဏပျောက်လဲ ကျွန်မက အမှတ်သညာနဲတုန်းပါပဲ။ RIT ရောက်တော့လဲ ပျောက်ကောင်းတုန်း။ ဒါကြောင့်လဲ သူများတွေ ကျောင်းသားကဒ်ဖြူဖြူလေးကိုင်နေချိန်မှာ ကျွန်မ ကျောင်းသားကဒ်က အညိုရောင်စာရွက်ကြီးပါ။ ပထမတခါ ပျောက်တုန်းက အဖြူရောင်လေးပြန်ပေးပေမယ့် ဒုတိယတကြိမ်ကျတော့ ကျောင်းသားရေးရာက မေ့တတ်လွန်းတဲ့ ကျွန်မကို အညိုရောင် စာရွက်ကြီးနဲ့ သာ တန်တယ်လို့  ဆုံးဖြတ်ချက်ချပြီး ဒဏ်ခတ်ခဲ့တာပေါ့။ အဲဒီအညိုရောင် စာရွက်ကြီးတောင် ထပ်ပျောက်တော့… အင်း… သူတို့ ဆုံးဖြတ်တာမှန်ပါသည်ပေါ့။

တခါမျက်မှန်ပျောက်တာလဲ မမှတ်ပါဘူး။ ဒုတိယနှစ်စာမေးပွဲတွင်းကြီး မျက်မှန်တခါထပ်ပျောက်ပါသေးတယ်။ သတိရတဲ့အချိန်က ညကြီးမှ။ ဘယ်လိုမှ မျက်မှန်ပြန်လုပ်ဖို့  အချိန်မရတော့တာမို့  ညကြီးမင်းကြီး RITကို ပြန်သွားရပါတယ်။ အစောင့်ဦးလေးကြီးကို ရှင်းပြပြီး စာမေးပွဲခန်းထဲ မျက်မှန်ရှာပုံတော်ဖွင့်ရပါတယ်။ ကံကောင်းတော့ မျက်မှန်လေးက ဘယ်မှလျှောက်မသွားပဲ သူ့ သခင်လာခေါ်တာကို စောင့်နေခဲ့ပါတယ်။ ကျွန်မရဲ့ မေ့တတ်တဲ့ ဇာတ်လမ်း အဲဒီမှာ တခန်းရပ်ခဲ့တာပါ။ အဖေဆုံးမတဲ့ စကားကို တသက်လုံးစွဲအောင် မှတ်ခဲ့လို့ ပါပဲ။ “ခဏခဏပြန်ပြန်ဖြစ်တတ်တယ်ဆိုတာ အမှတ်သညာ မထားလို့ … ကိုယ်ကမေ့တတ်ရင် ထ သွား ပြန် ကြည့် အကျင့်ကိုလုပ်… ကျင့်ခါစတော့ ပျောက်နေဦးမှာပဲ… နောက်ပိုင်း အကျင့်ပါသွားတော့ အားစိုက်စရာမလို သူ့ အလိုလို သတိထားမိသွားတာပဲ… ဒီအသက်အရွယ်အထိ သတိတရားမရှိတာ ရှက်ဖို့ ကောင်းတယ်…” ။ အဲဒီနေ့ က မေ့တတ်ပျောက်တတ်တာနဲ့  ပတ်သက်ပြီး စရှက်တတ်တဲ့နေ့ ပါ။ ပြီးတော့ စာကျက်ရမယ့်အချိန်မှာ ပေါ့ဆမှုကြောင့် အချိန်တွေ ဆုံးရှုံးသွားတာလဲ ယူကျူံးမရ နှမျောမိခဲ့တယ်။ အဲဒီနောက် ကျွန်မပစ္စည်းမပျောက်တော့ပါဘူး။

အသက်အရွယ်ငယ်လို့  မထိန်းသိမ်းတတ်တာနဲ့  အသက်အရွယ်ကြီးလို့  မေ့တတ်တာက လွဲရင်.. ကြားအရွယ်မေ့တတ်တဲ့ ရောဂါက ကုစားလို့ ရတာ ကိုယ်တွေ့ ပါ။ ပျက်အစဉ်ပြင်ခဏဆိုသလို ပြင်လိုက်တဲ့နေ့ က မပျက်တော့တဲ့ နေ့ ပါပဲ။ မေ့ချင်ယောင်ဆောင်တာက လွဲလို့ ပေါ့နော်။

(စာကြွင်း: ခုတလော ဘလော့ပေါ်အရောက်အပေါက်နဲနေတာ ခွင့်လွှတ်ပါနော်… မေ့နေလို့ မဟုတ်ပါဘူး… ရင်ထဲမှာ အမြဲရှိနေပါတယ်… အထူးသဖြင့် ဖတ်နေကျ ဘလော့လေးတွေကို အရမ်းလွမ်းမိတယ်… မိတ်ဆွေအသစ်လေးတွေ လာလည်တာတွေ့ ရတော့ ၀မ်းသာမိတယ်… သူတို့ အိမ်လေးတွေလဲ သွားလည်ဖြစ်အောင် လည်ပါမယ်… ခု ရုံးမှာ ပရောဂျက်အသစ်ပြီးသွားတော့ နဲနဲအသက်ရှုပြန်ချောင်နေပါပြီ။ ပုံမှန်ပြန်ရေးဖြစ်အောင် ကြိုးစားပါမယ်… ပြီးတော့… အိမ်ပြောင်းသွားတဲ့မိတ်ဆွေဟောင်းတွေရဲ့ ဘလော့လိပ်စာအသစ်တွေနဲ့  မိတ်ဆွေသစ်တွေရဲ့ ဘလော့လိပ်စာလေးတွေလဲ တင်ပါ့မယ်… နဲနဲဟောင်းနေတဲ့ အင်္ကျီလေးလဲ လဲပါဦးမယ်… လာလည်ကြသူများအားလုံး ကျေးဇူးပါ)

တန်ခူး
10:37am 7-Oct-2009