Wednesday, April 29, 2009

မင်္ဂလာသတင်း


သစ္စာအမိုး
မေတ္တာအကာ
စေတနာအခင်း
နားလည်မှုပြူတင်း
အကြင်နာထုံသင်း
ရာသက်ပန်ချစ်ခြင်းတွေနဲ့ 
တို့ မိသားစုအိမ်ကလေး
ရှစ်နှစ်မြောက်ကြောင်း
မင်္ဂလာသတင်း…။

တန်ခူး
11:27am 29-Apr-2009
(မင်္ဂလာသက်တမ်း ၈နှစ်မြောက် အမှတ်တရ)

Monday, April 27, 2009

မြင်တွေ့ ချင်သူများ

(မောင်လေးမောင်မျိုးက မြင်ဖူးချင်သူ ၁၀ယောက်လို့  တက်ဂ်ထားပါတယ်။ ၁၀ယောက်မကလို့  ဒီလိုလေးပဲ ရေးလိုက်ရပါတယ်။ ပါတဲ့ ဇာတ်ကောင်များအားလုံး ကျွန်မ တကြိမ်တခါမှ အပြင်မှာ မတွေ့ ဖူးသူတွေပါ။ မောင်မျိုးရေ အမှတ်တရ တက်ဂ်ပေးတာ ကျေးဇူးပါ)

စိတ်သွားတိုင်း ကိုယ်ပါ အချိန်တွေကို လိုသလို နောက်ပြန်ဆွဲလို့  ရရင် ကျွန်မလေ လေဘာတီမမြရင်အငြိမ့်လေး ကြည့်ချင်သေးတယ်။ လက်ဖျားခါလောက်အောင် သီချင်းတွေ အရေးကောင်းတဲ့ နန်းတော်ရှေ့ ဆရာတင်ကို သွားမိတ်ဆက်ချင်မိတယ်။ ပြီးတော့ ကျွန်မ အကြိုက်ဆုံး မင်းသားနဲ့ မင်းသမီးဖြစ်တဲ့ ကောလိပ်ဂျင်နေ၀င်းနဲ့  မြတ်မွန် ရုပ်ရှင် ရိုက်ကွင်းကို သွားကြည့်ချင်မိတယ်။

ရေဒီယိုထဲကတောင် ကြက်သီးမွေးညှင်းထအောင် သွေးတွေ ပွက်ပွက်ဆူစေတဲ့ ဗိုလ်ချုပ်မိန့် ခွန်းကို အပြင်မှာ သွားနားထောင်ချင်တယ်။ အဖေနဲ့ အတူလက်ဖ၀ါးတွေနာအောင် လက်ခုပ်တဖြောင်းဖြောင်းတီးလို့ ပေါ့။ လူထုတိုက်ကို သွားပြီး အဖေလှ နဲ့ အမေမာ ကို ခြေဆုတ်လက်နယ်ပြုပြီး အဖေနဲ့ အမေရဲ့ ရှေးစကားတွေ နာကြားချင်သေးတယ်။ ဘဘဦးသုခဆီက တန်ဖိုးရှိတဲ့ အဆုံးအမတွေ ရယူချင်မိတယ်။ ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ စာရေးဆရာပီသလွန်းတဲ့ မျက်ဝန်းနူးညံ့ညံ့တွေကို မြင်ဖူးတယ်ရှိအောင် ဆရာကြီးစာသင်ခန်းထဲ သွားထိုင်ကြည့်ချင်တယ်။

အဘွားတို့  အမေတို့  တဖွဖွ ပြောဆိုအားကျနေတတ်တဲ့ စွန်းလွန်းဆရာတော် ဘုရားကြီးရဲ့ တပည့်အရင်း အမေ့အဘွားပုံပြောပြတာ နားထောင်ချင်တယ်။ မိန်းမပီသ ကျက်သရေရှိတဲ့ အမေ့အဘွား ရုပ်ရည်ကို တစိမ့်စိမ့်ကြည့်ပြီး သူရဲ့ နားရွက်ပြားပြားကြီးကို ပွတ်လို့ ပေါ့။ပြီးတော့ အမေ့အဘွားနဲ့ အတူ စွန်းလွန်းကျောင်းက တရားထိုင်တဲ့ ဂူလေးတွေထဲမှာ တရားထိုင်ကြည့်ချင်တယ်။

တွေ့ ချင်သူတွေကို လွတ်လွတ်လပ်လပ် တွေ့ ခွင့်လဲရမယ်၊ ပြီးတော့ ပိုက်ဆံလဲ အလုံအလောက် ရှိမယ်ဆိုရင်တော့ အကျီင်္လေးတွေ လက်ခေါက်ဝတ်တတ်တဲ့ လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့  သမ္မတတွေထဲမှာ သမ္မတနဲ့ မတူဆုံး အိုဘားမားနဲ့  စကားပြောကြည့်ချင်တယ်။ (ဘာအကြောင်းဖြစ်မလဲ တွေးကြည့်နော်)။ ကျွန်မနဲ့ ကျွန်မသားလဲ ရှင့်လို ဘယ်သန်ပဲဆိုတဲ့စကားတော့ ပြောဖြစ်အောင် ပြောခဲ့မှာ။ မက်ဒေါနားနဲ့  အင်ဂျလီနားဂျိုလီတို့ ကို မြန်မာကလေးလေးတွေ ဘာကြောင့်မွေးစားဖို့  စိတ်မ၀င်စားတာလဲလို့  မေးကြည့်ချင်တယ်။ တပါတည်း အရက်မူးသမား တယောက်လို အမြဲရီဝေတဲ့ မျက်လုံးတွေနဲ့  ဆံပင် ရှုပ်ပွပွနဲ့ မသပ်မရပ် ကိုယ့်အကြိုက်ဆုံးမင်းသား ဟုဂရန့် နဲ့  ဓာတ်ပုံလေးတွဲရိုက်ခဲ့ချင်သေးတယ်။ နေကာမျက်မှန်လှလှလေးတတ်ပြီး ဖက်ဒရာရဲ့ တန်းနစ်ပွဲကို သွားအားပေးချင်တယ်။ ဆုဖလားကိုင်ပြီး နူးနူးညံ့ညံ့အပြုံးလေးနဲ့  ယဉ်ယဉ်ကျေးကျေး ကျေးဇူးတင်စကားပြောတာ နားထောင်လို့။ စိတ်ထဲက ယောင်းမကြိတ်တော်ထားတဲ့ ၀ီလျံတို့ ညီမ ၂ယောက်နဲ့ လဲ တွေ့ ရင်းလေ။

ကိုယ့်တိုင်းကိုယ့်ပြည်မှာ တွေ့ ချင်သူတွေကလဲ အများသား။ ကိုယ်ကိုယ်တိုင် မြန်မာဟင်းလေး ဖွယ်ဖွယ်ရာရာ ချက်ပြီး မမြင်ဖူးသေးတဲ့ စိတ်ထဲက အရမ်းကို ရင်းနှီးလေးစားတဲ့ အဘိုးတွေ၊ ဦးလေးတွေ၊အကိုတွေ၊မောင်တွေ ၊ အဘွားတွေ၊အဒေါ်တွေ၊အမတွေ၊ညီမတွေ ကိုယ့်လက်ရာကို မြိန်မြိန်လျှက်လျှက် စားနေတာကို ကြည်ကြည်နူးနူး တွေ့ ချင်တယ်။

ဆရာနေ၀င်းမြင့်နဲ့  ဆရာမခင်ခင်ထူးတို့ အိမ်မှာ ရေနွေးကြမ်းလေး သောက်ရင်း ဆရာနဲ့ ဆရာမ စကားပြောတာ နားထောင်ကြည့်ချင်တယ်။ ဆရာမဂျူးနဲ့ တော့ နှစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်တွေ့ ပြီး စကားတွေ ပြောချင်မိတယ်။ လေးဖြူတကိုယ်တော် စတိတ်ရှိုးလေးလဲ ကြည့်ချင်သေးတယ်။ ပြီးတော့ တင်ဇာမော် တကိုယ်တော်လဲ အားပေးချင်တယ်။ ဒါရိုက်တာ မောင်တင်ဦးနဲ့ တွေ့ ပြီး သင်္ကြန်မိုးလို ဂန္တ၀င်ကားလေးတွေ ဖန်တီးပါဦးလို့  တိုက်တွန်းချင်တယ်။

ကိုယ်ပိုင် လေယဉ်လေးတစင်းရှိရင်တော့ သံယောဇဉ်ရပ်ဝန်းက သူတွေဆီ နေ့ တိုင်း အလည်သွားချင်တယ်။ မမြင်ဖူးသေးတဲ့သူတွေက အများကြီးမိုလား။ နီးနီးနားနားက မောင်တွေညီမတွေဖြစ်တဲ့ ရွာသားလေးတို့ ၊ ကိုပီတိတို့ ၊ ကိုတောင်ငူတို့ ၊ ညီမလေးရီတာတို့ နဲ့  ရွာသားလေး လဘက်ရည်ဆိုင်မှာ အတူဆုံလို့  လွယ်တယ်လေ။ မမခင်ဦးမေကတော့ ပါမှကို ဖြစ်မှာ။ နို့ မို့ ဘယ်ပွဲစည်လိမ့်မလဲ။ သူတို့ ကို အဖော်စပ် ကမ္ဘာပတ်ကြတာပေါ့။ မောင်လေးမောင်မျိုးနဲ့  ကောင်းကင်ကိုဆီ ကြော်လှော်ချက်ပြုတ်ထားတာလေးတွေ လက်ဆောင်ဝင်ပေး။ ညီမလေးခွန်မြလှိုင်ရဲ့ ကလေးလေးကို အာဝါးလဲဝင်ပေး။ တဆက်တည်း မခင်မင်းဇော်တို့  မိသားစုဆီ ဒီက လက်ဆောင်တွေ ၀င်ပေးရင်းပေါ့။ ပေါက်ဆီရောက်တော့
ပေါက်က မမခင်ဦးမေနဲ့  စကားမပြတ်လို့  လိုက်ခဲ့မှာ။

ဂျပန်ရောက်ရင် နိနိဆီမှာ အသုတ်လေးစားရင်း ခဏနားမယ်။ နိနိအတွက် အညာက အမျိုးတွေဆီက မှာထားတဲ့ မန်ကျည်းချည်လက်ဆောင်လေး ၀င်ပေးရင်း။ ညီမလေးနုစံဆီ ဆူးပုတ်ရွက်လေး ၀င်ပေးပြီး သူတို့ အိမ်ရှေ့ က မြစ်ကလေးမှာ အပန်းလေးဖြေ စကားလေးပြော။ ညီမလေးမြတ်နိုးဆီကို သရက်သီးလက်ဆောင်ပေးလို့  တခေါက်နား။ နိနိကို ပြန်လိုက်ပို့ ပေးမယ် ကတိပေးပြီး ကိုဇနိကြီးဆီခေါ်သွားတော့ ချစ်သူနှစ်ယောက် အပျော်မျက်နှာကြောင့် ကျန်တဲ့သူတွေပါ တပြုံးပြုံး။ ခရီးဆက်စရာရှိသေးတာမို့  နိနိကို ခဏထားခဲ့ပြီး စာမေးပွဲတဖက်နဲ့  စိတ်ပင်ပန်းနေတဲ့ ညီမလေး မေဓာဝီကို ၀င်အားပေးရင်း ကြက်ပေါင်းရေလေး လက်ဆောင်ပေး။

ကိုစေးထူးဆီ ၀င်ပြီး တာလပေါဟင်းနဲ့ ထမင်းမြိန်မြိန်စား။ မမမေငြိမ်းအတွက် ယူလာတဲ့ ကံ့ကော်ပန်းတွေ လက်ဆောင်ပေး။ ပြီးတော့ ချိုသင်းဆီတို့ အိမ်မှာ တပျော်တပါး။ ချိုသင်းအတွက် ပါသွားတဲ့ မလိုင်လုံးတလုံးပေး။ (ဆီးချိုတက်မှာစိုးလို့ လေ) ညီမလေးအိမ့်ချမ်းမြေ့ဆီရောက်တော့ အတော်တောင် မိုးချုပ်နေပြီ။ ပန်းသီးငါးပိချက်လေးနဲ့  ထမင်းစားရင်း သူ့ အတွက် ယူသွားတဲ့ ပန်းမျိုးစေ့လေးတွေကို ပေး။ ညီမလေးပုံရိပ်၊ ညီမလေးမီယာ နဲ့ ညီမလေး သုနှင်းဆီတို့ ဆီ ပါသွားတဲ့ ဒညင်းသီး၊ ဗူးရွက်၊ ဒန့် သလွန်သီးလေးတွေဝေမျှ။ အပြန်ကျ ကိုအန်ဒီတို့  မိသားစုဆီ ၀င်လည်တော့ မုန်လာဥချဉ်လေးတွေ လက်ဆောင်ပေးလို့  အားနာနာနဲ့ ယူခဲ့။ ကေ့ဆီရောက်တော့ စာအုပ်လေးတွေ လက်ဆောင်ပေး။ ချစ်စရာကောင်းတဲ့ မြို့ ကလေး နော်ဝေက ကဗျာဆရာကိုဝေလင်းနဲ့  လဘက်ရည်ဆိုင်လေးထိုင်။ ပြီးတော့ အနုပညာမိသားစု ကိုသစ်နက်ဆူးဆီ ၀င်လည်။ ဒီပြန်ရောက်မှ နိနိကို ဂျပန်ပြန်ပို့ ဖို့  သတိရတော့… ကဲ.. ဘယ်လိုလုပ်ရပါ့။

ဒီတခါ ထူးထူးခြားခြား ဖြစ်အောင် ကျွန်မ တခါမှ မတက်ဂ်ဖူးသူများကို ဆက်တက်ဂ်ပါတယ်။

၁) အမခင်မင်းဇော်
၂) သူငယ်ချင်းဆွိ
၃) ညီမလေးပန်ဒိုရာ
၎) ညီမလေးကေ
၅) ညီမလေးမီယာ

ရေးပေးပါနော်။ ကျေးဇူးအများကြီးတင်ပါတယ်။

တန်ခူး
5:29pm 27-Apr-2009

Tuesday, April 21, 2009

ညီမလေး

ညီမလေးရေ... မေမေက ကျုပ်ဘ၀ထဲကို ကျုပ် အသက် ၁၀ နှစ်မှာ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကလေး တခုယူလာခဲ့တယ်… အဲဒါဟာ ညည်းပဲပေါ့…။ ညည်းနဲ့ ကျုပ်ကြား ထူးခြားတဲ့ တိုက်ဆိုင်မှုတွေကို ၁၀နှစ်သမီးအရွယ် ကျုပ်တောင် အံ့သြနေခဲ့တာ … ကျုပ်မွေးတဲ့လ ကျုပ်မွေးတဲ့ တင်္နလာနေ့ မှာပဲ ညည်းကလေးက လောကထဲကို ရောက်လာခဲ့တယ်မိုလား…။ ညည်းကို ကျုပ်ပထမဆုံးမြင်ဖူးတဲ့နေ့ က အကျီင်္အစိမ်းရောင် ရှန်သားလေးနဲ့ ညည်းက မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့  ကျုပ်ကို အတော်ကို စိုက်ကြည့်နေခဲ့တာ။ ညည်းကို မကျွမ်းမကျင်ချီထားတဲ့ ကြောင်ဂျီးရုပ်နဲ့ ကျုပ်ကို ညည်းအမလို့  မသိသေးတဲ့ ရက်သားအရွယ်ပေါ့။

ညီမငတ်တဲ့ ကျုပ်အဖို့ တော့ ညည်းက ကစားစရာလူရုပ်လေးပါပဲ။ ညည်းမွေးပြီးနောက်ပိုင်း ရွာရိုးကိုးပေါက် ကစားထွက်နေတဲ့ ကျုပ်အိမ်မှာနဲနဲမြဲလာတယ်လေ။ ညည်းကလေးကလဲ ၁၀နှစ်ကြီးတဲ့ အမကို အဖော်လုပ်ရလို့ ထင်တယ် လူဖြစ်မြန်ပါ့။ ကလေးဖြစ်ချိန် သိပ်မရှိလိုက်သလိုပဲ။ ညည်းက အငယ်ဆုံးဆိုတော့ တအိမ်လုံး ၀ိုင်းချစ်တာ ခံရပေမယ့် အကျီင်္အသစ်၊ ကစားစရာအသစ်တွေတော့ သိပ်မရတော့ဘူးလေ။ ညည်းပြီးရင် အမွေဆက်ခံမယ့်သူမရှိလို့ တဲ့။ ကျုပ်ကတော့ ညည်းကို သနားပြီး ညည်းကစားတတ်တဲ့ အရွယ်ရောက်တော့ ကတ်ထူဖြုဖြုလေးတွေနဲ့  အကျီင်္လဲပေးလို့ ရတဲ့ အရုပ်မလှလှလေးတွေ လုပ်ပေးတာ။ ကျုပ်ဆွဲပေးတဲ့ အင်္ကျီလေးတွေဆို ညည်းက အမြဲကြိုက်နေတတ်တာ။ ပြီးရင် အရုပ်လေးတွေကို ကတ်ထူဗူးလေးတွေထဲထည့် စည်းကမ်းရှိရှိ သိမ်းထားတတ်တယ်။ အဲဒီအကျင့်က ခုထိပါသွားတယ် ထင်တယ်… ညည်းဝတ်ဖို့  အကျီင်္လေးတွေ ခုထိ ဒီဇိုင်းထွင်ပေးရတုန်းလေ။

ညည်းနဲ့ ကျုပ် တူတဲ့ အချက်တွေ ရှိသလို မတူတဲ့ အချက်တွေကလဲ အများသား။ ကျုပ်က အပေါင်းအသင်း ခုံမင်တယ်။ ညည်းက အိမ်ကလူတွေနဲ့ ပဲ နေချင်တယ်။ ငယ်ငယ်က လမ်းထဲက လူတွေနဲ့  ထုတ်ဆီးတိုးရင်တောင် အမပါ ပါမှ။ ညည်းထုတ်ဆီး ကောင်းကောင်းတိုးတတ်တဲ့ အရွယ်မှာ ကျုပ်က RIT ရောက်နေပြီ။ မကြီးမငယ်နဲ့  ကလေးတွေနဲ့  အိုးပုတ်တမ်း ဆော့တာကို အဖေက မသိချင်ယောင် ဆောင်နေပေမယ့် ထုတ်ဆီးတိုးတာကိုတော့ ပြင်းပြင်းထန်ထန် တားမြစ်ပါလေရော။ ကျုပ်မှာ ညည်းကို သနားလို့  ခြံထဲမှာ တိုးမယ်လို့  ဈေးဆစ်ရတယ်။ တော်သေးတယ်။ အဖေက ခွင့်ပြုလို့ ။

ညည်းက အိမ်ကို ဘယ်လောက် ခင်တွယ်သလဲဆို မူကြိုလုံးဝ ထားလို့ မရဘူး။ တနေ့ လုံး ငိုကြောရှည်နေတော့ ဆရာမတွေတောင် စိတ်ညစ်သွားတယ်။ ဒီလောက် ကျောင်းပျင်းတဲ့ ကောင်မလေး စာမှတော်ပါ့မလားလို့  စိတ်ပူလိုက်ရတာ။ သူငယ်တန်းအထိ ငိုယိုပြီး အမေ့ဆီသွားလိုက် ကျုပ်ရဲ့ ၁၀တန်းအခန်းထဲလာလိုက်နဲ့  အမေရော ကျုပ်ပါ အတော် ဒုက္ခရောက်ခဲ့တာ။ အံ့သြစရာကောင်းတာက ၁ တန်းကနေစပြီး ကျောင်းပျော်သွားပြီး ငယ်ငယ်လေးနဲ့  စာတွေ ကြိုးစားလို့  နှစ်တိုင်းဆုရခဲ့တာလေ။

ကျုပ်က ခေါင်းမာတယ်။ သိပ်ကြီး လိမ်လိမ်မာမာ ထဲက မဟုတ်ဘူး။ ဒါပေမယ့် ဘာကြောင့်လဲ မသိဘူး။ အဖေက ကျုပ်ကို မျှော်လင့်ဆုံး။ ညည်းက လိမ္မာတယ်။ လူကြီးစကား နားထောင်တတ်တယ်။ ဒါပေမယ့် ကျုပ်တို့  မောင်နှမ ၃ ယောက်တဲမှာ ဥာဏ်မကောင်းဆုံး။ ကျုပ်တုန်းက အဖေ့သဘောကျ မဖြစ်ခဲ့တာကို အကြွေးဆပ်တဲ့ သဘောနဲ့  ညည်းကို ကျုပ်က ဟိုးငယ်ငယ် ကတည်းက ပုံသွင်းခဲ့တာ။ ညည်းကို ဂ တန်းအထိ ဘယ်ကျုရှင်မှ မထားပဲ ကျုပ်ကိုယ်တိုင် စာပြခဲ့တာ။ ဆံပင်က အစ ကျုပ်ကိုယ်တိုင်ပဲ ညှပ်ပေးခဲ့တာ။ ၁၀ တန်းရောက်တော့ ကျုပ်က ညည်းရဲ့ ဂိုက်ပေါ့။ ဥာဏ်မကောင်းပေမယ့် ၀ိရီယရှိတဲ့ ညည်းကို ကျုပ်တို့  စိုးရိမ်ခဲ့ရသေးတယ်။ ကျုပ်မအားလို့  စာမစစ်နိုင်ရင် ညည်းက ကိုယ့်ဘာသာပြန်ဆို မှားရင် ကိုယ့်ကိုယ်ကို တဖြန်းဖြန်းရိုက်တတ်လို့  ဂေါက်သွားမလား စိုးရိမ်ခဲ့ရတာလေ။ ကျုပ်ဘ၀မှာ ၀မ်းသာလွန်းလို့  တခါမှ မျက်ရည်မကျဘူးခဲ့ပေမယ့် ညည်း ၀မ်းသာလွန်းလို့  ကျတဲ့ မျက်ရည်ကို တွေ့ ပြီး ကျုပ်ပါ အပြိုင်ကျခဲ့တယ်။ ညည်း ၁၀ တန်း အောင်စာရင်း ထွက်တဲ့ နေ့ ကပေါ့။ ဘာသာစုံဂုဏ်ထူးရတဲ့ ညည်းက ကျုပ်ကို ကန်တော့ပြီး “မမကျေးဇူးတွေပါဗျာ” လို့ ငိုသံပါကြီးနဲ့  ပြောပြီး တရှုံ့ ရှုံ့ ငိုတော့ ကျုပ်လဲ ဘယ်မျက်ရည်ခိုင်တော့ မလဲလေ။

ကျုပ်တုန်းက အဖေ အရမ်းဖြစ်စေချင်တဲ့ ဆရာဝန် မဖြစ်ခဲ့ပေမယ့် ညည်းက အဖေဆန္ဒကို ဖြည့်နိုင်ခဲ့တယ်။ အဲဒီအတွက် ညည်းကို အမြဲကျေးဇူးတင်မိပါတယ်။ ညည်းက လူနာတွေကြားတဲ့မှာ ပျော်တဲ့သူ။ ခွဲခန်းထဲမှာ ပျော်တဲ့သူ။ မြန်မာပြည် ပြန်တိုင်း ညည်းအတွေ့ အကြုံသစ်တွေကို မမောနိုင် မပန်းနိုင်ပြောပြရတာ။ ညည်းရသမျှ ပိုက်ဆံကို လူဆင်းရဲဆေးရုံက လူနာတွေ အတွက် ဆေးဝယ်တာ၊ မခွဲစိတ်နိုင်တဲ့ လူနာတွေ အတွက် ခွဲစိတ်ခ လှူ တန်းတာနဲ့  ညည်းကကျေနပ်နေတာ။ အဖေကတော့ သမီးညီမက နေ့ တိုင်း ကုသိုလ်တွေရနေတာလို့  ခပ်ပြုံးပြုံးပြောပြီး ကျေနပ်နေတတ်တာ။ မနှစ်က နာဂစ်ဒုက္ခသည် စခန်းကို သွားဖို့  မဲပေါက်တော့ ညည်းက ပျော်နေလိုက်တာ။ ဆေးကုပေးတဲ့အပြင် ပါသွားတဲ့ ပိုက်ဆံ အကုန်ပြောင်တဲ့ အထိ လှူခဲ့တာ။ ဆွေမျိုးထဲက မနာမကျန်း ဖြစ်တဲ့သူတွေဆိုလဲ ညည်းဆီပဲ အားကိုးတကြီး ပြေးလာကြတာ။ အညာပြန်ရင်တောင် ညနေဘက်ဆို ကျုပ်တို့  ဦးလေးအိမ်က ဆေးခန်းဖြစ်သွားရော။ ဆွေမျိုးတွေအပြင် ရပ်ကွက်ထဲက သူတွေပါ လာကုကြတာ။ ဒါလဲ ညည်းရဲ့ မွန်မြတ်တဲ့ အလှူတွေပဲမိုလား။ ညည်းက ဆရာဝန်ဖြစ်ဖို့  မွေးလာသလား ထင်ရအောင် ဆရာဝန်စိတ် အပြည့်ရှိသူမို့  ကျုပ်အရမ်းဝမ်းသာမိတယ်။

ညီမလေးရေ။ ခုလဲ အဖေ၊အမေ၊ တိုင်းပြည် သံယောဇဉ်တွေနဲ့  ညည်းက ကျုပ်တို့ လို ကိုယ်လွတ်မရုန်းဘူးနော်။ ညည်းက အသက်ငယ်သလောက် ရင့်ကျက်လွန်းလို့  ကျေနပ်ရပေမယ့် တခါတခါ ကျုပ်စိတ်မကောင်းဘူး။ ဘ၀မှာ ကိုယ့်ကိုယ်ကို နောက်ဆုံးဦးစားပေးအဆင့်မှာ ထားပြီး ဆုံးဖြတ်ချက်ချတတ်တာကို အားမလို အားမရဖြစ်မိတယ်။ မိသားစုအတွက်ရော လူနာတွေအတွက်ပါ စိတ်ကောင်းနှလုံးကောင်း ရှိတဲ့ ညီမလေးရဲ့ စေတနာတွေက ညီမလေးကို အမြဲအကျိုးပြန်ပေးမှာလို့  ကျုပ်ကတော့ ယုံကြည်နေတယ်။ ငယ်ငယ်က အမေက ညည်းကို ပေးတဲ့ အိမ်နာမည်လေးတခု ရှိတယ်။ မနောဖြူဝင်းတဲ့။ အဲဒီနာမည်လေးနဲ့ ညည်းက တကယ်ကို လိုက်ဖက်လှပါတယ်အေ။

(ချစ်တဲ့ညီမလေးရဲ့ မွေးနေ့ အမှတ်တရ။ ညီမလေးကို စကားပြောရင် သုံးတဲ့နာမ်စားအတိုင်း သုံးထားတာမို့  ဖတ်ရတာ တမျိုးဖြစ်ရင် ခွင့်လွှတ်ပါ။)

တန်ခူး
1:00pm 21-Apr-2009

Friday, April 17, 2009

ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲ

“မမမေငြိမ်း၊ မမခင်မင်းဇော်၊ မမခင်ဦးမေ၊ မမသီတာ၊ မမသိဂီင်္၊ သူငယ်ချင်းသက်ဝေ၊ သူငယ်ချင်းဆွိတို့ ရေ… ပရိတ်အိုးလေးတွေ ပြင်ပြီးကြပြီလား။ တန်ခူးတို့  ဘလော့ဂ်ရပ်ကွက် အန္တရာယ်ကင်း ပရိတ်ပွဲအတွက်လေ”

“ဆရာကိုဧရာနဲ့  ကိုအန်ဒီတို့ ကလဲ ဆရာတော်တွေအတွက် နေရာထိုင်ခင်းပြင်ဆင်လို့ ”

“ညီမလေးမေဓာဝီ၊ညီမလေးနိနိ၊ ညီမလေးမြတ်နိုး၊ ညီမလေးပုံရိပ်၊ ညီမလေးအိမ့်ချမ်းမြေ့၊ ညီမလေးရီတာ၊ ညီမလေးနုသွယ်၊ ညီမလေးsin dan lar တို့ က ယောဂီဝတ်စုံလေးတွေနဲ့  အိုးလေးတွေ ကိုယ်စီနဲ့  ငါးလွှတ်ပွဲသွားကြမလို့ ပေါ့… ကျက်သရေရှိလိုက်တာ”

“မောင်လေးကိုဇနိ၊ မောင်လေးရွာသားလေး၊ မောင်လေးကိုပီတိ၊ မောင်လေးကိုတောင်ငူ တို့ က နှစ်ဆန်းတရက်နေ့  အတွက် ညီမလေးလုလုလက်ရာ စတုဒီသာ ရွှေရင်အေးကျွေးပွဲမှာ တတပ်တအားပါလား… တို့ မောင်လေးဦးဇင်းမျိုးကတော့ ဘုန်းဘုန်းတွေနဲ့ အတူ ပရိတ်ပွဲကို ကြွလာမယ်ထင်တယ်”

“ညီမလေးချိုသင်း၊ ညီမလေး ခွန်မြလှိုင်၊ ညီမလေးနုစံ၊ ညီမလေးကေ၊ ညီမလေးမီယာ၊ ညီမလေးသုနှင်းဆီ၊ ညီမလေးပေါက်၊ ညီမလေးသန့်  တို့ ကလဲ ဘိုးဘွားတွေကို ခေါင်းလျှော်ပေးတဲ့သူနဲ့  ခြေသည်းလက်သည်းသန့် စင်ပေးတဲ့သူနဲ့  ကိုယ်စီကိုယ်စီ ကုသိုလ်တွေ ယူလို့… မြင်ရတာ ကြည်နူးစရာ”

“ဟော… ကိုသစ်နက်ဆူးခေါင်းဆောင်တဲ့ အိုးစည်၊ ဒိုးပတ်ဝိုင်းကလဲ မြိုင်လို့  ဆိုင်လို့ ပါလား… ကိုသစ်နက်ဆူးအက ကလဲ အနုပညာမြောက်… အံမယ်… မောင်လေးကိုပေါက အိုးစည်ကို မာန်ပါပါတီးလို့ ပါလား… ကိုစေးထူးအော်ဂင်လက်ရာကလဲ အတော်ကောင်း”

“မောင်လေးကောင်းကင်ကို၊ ညီမလေးပန်ဒိုရာ၊ အကိုကြီးကိုအောင်သာငယ်၊ အကိုကြီးကိုဝေလင်း တို့ ကလဲ ကြွလာတဲ့ ပရိသတ်တွေကို ခုလောလောဆယ်ထွက်သွားတဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ကဗျာစာအုပ်တွေဝေလို့ ”

တခြားတခြား ဘလော့ဂ်ဂါညီအကို မောင်နှမတွေကလဲ ကိုယ်စီကိုယ်စီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  ဘလော့ဂ်နှစ်သစ်မင်္ဂလာပွဲမှာ တတပ်တအား ပါဝင်နေလိုက်ကြတာ။ ခုလို နှစ်ဆန်းတရက်နေ့ မှာ မြင်ရတွေ့ ရတာ ကျက်သရေရှိ စိတ်ချမ်းသာလိုက်ပါဘိ။ ကျွန်မတို့  ဘလော့ဂ်ရပ်ကွက်က ဘလော့ဂ်ဂါညီအကိုမောင်နှမတွေရော ဘလော့ကြွလာမိတ်သဟာ အပေါင်းရော နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အန္တရာယ်ကင်း ဘေးရှင်းကြပါစေလို့ ။

တန်ခူး
2:15pm 17-Apr-2009
(နှစ်ဆန်းတရက်နေ့ )

Tuesday, April 14, 2009

ကိုပေါနဲ့ အမေးအဖြေ

ခုတလော ဘလော့ဂ်တွေပေါ်မှာ မြို့ မေတ္တာခံယူနေတဲ့ ကျွန်မမောင်လေးအရင်းလို ရင်းနှီးတဲ့
ကိုပေါကို မေးချင်တာလေးတွေ မေးထားတာပါ။ ကျွန်မအာဘော်မပါ သူ အဖြေလေးတွေကို
ဖတ်ကြည့်ပါဦး။ ဘာကြောင့်ဒီပို့ စ်ရေးဖြစ်လဲဆိုတာတော့ ရည်ရွယ်ချက်တူ လားရာတူတဲ့
ဘလော့ဂ်ဂါတွေ အချင်းချင်း နားလည်မှုမလွဲစေချင်လို့  ရေးဖြစ်ခြင်းဖြစ်ပါတယ်။

တန်ခူး >> ကိုပေါရေ… ပထမဆုံး မေးချင်တာက မဲပြာပုဆိုးမေးခွန်းလေးပါ။ ဘာကြောင့်
ဘလော့ဂ်တာလဲ။

ကိုပေါ>> တန်ခူးရေ….. ပွဲဆူအောင် လုပ်ပြန်တာလား။ တန်ခူးမေးခွန်းကို ဖြေရရင်တော့
ကိုယ့်အမြင်လေးတွေ၊ ကိုယ့်အတွေးလေးကို လွတ်လွတ်လပ်လပ် ရေးပြချင်တာက အဓိက။


တန်ခူး >> ကိုပေါ အကြိုက်ဆုံးဘလော့ဂ်ဂါ နဲ့  ဘာကြောင့်ကြိုက်တာလ။ဲ

ကိုပေါ>> ကြိုက်တဲ့ဘလော့ဂါတွေက များတယ်။ တယောက်နဲ့တယောက် ရေးကြတဲ့
နယ်ပယ်ချင်းမတူတော့ အကြိုက်ဆုံးကို ရွေးရခက်တယ်။ ဒါပေမယ့် အခုလောလောဆယ်
အကြိုက်ဆုံးသုံးယောက်လောက် ပြောရရင် ပန်ဒိုရာ၊ မေဓာဝီ နဲ့ စိတ်ကူးတေးသီပါ။
ဘာကြောင့်ကြိုက်သလဲဆိုတော့… အနုပညာနဲ့ အရေးအသားကို နှစ်ခြိုက်တာပါ။ ပန်ဒိုရာမှာ ဟာသ ကလည်း ရွှင်သေးတယ်လေ။


တန်ခူး >> ကိုပေါမုန်းတဲ့ ဘလော့ဂါများ နဲ့  ဘာကြောင့်မုန်းတာလဲ။

ကိုပေါ>> အဲ့…..ပလုပ်တုတ်။ သင်္ကြန်တွင်းကြီးမှာ ရာဇ၀တ်အိုးတော့ တုတ်နဲ့ ထိုးခိုင်းပြန်ပါပြီ။ ဥပုသ်ကြီးနဲ့လို့ ညာပြောလိုက်မှ ထင်တယ်…ဟီးဟီး။

တစိမ့်စိမ့်တွေးပြီး မုန်းရတဲ့အထိ မဟုတ်ပေမယ့် အမြင်ကတ်တဲ့
ဘလော့ဂါတွေတော့ရှိတယ်ခင်ဗျ။ တဦးမေတ္တာတဦးမှာဆိုသလို သူတို့ကလည်း
ကျနော့်ဘလော့ဂ်တော့ မလာသလောက်ပါဘဲ။ နာမည်တွေတော့ ထည့်မပြောတော့ဘူး။
စာမျက်နှာမဆံ့မှာစိုးလို့….။ ဘာကြောင့် အမြင်ကတ်လဲဆိုတော့ ပြောရရင်
အရှည်ကြီးပဲ။ ဒီတော့ ဓါတ်ကို မတည့်လို့ လို့သာ အလွယ်မှတ်လိုက်ပါ။

သူတို့ဘလော့ဂ်တွေဆိုရင် အစောကြီးကတည်းက ကျနော်သွားမလည်သလောက်ပဲ။
ကော်မန့်တွေ မြင်ရုံနဲ့ အမြင်ကတ်နေတာ။ နအဖဘက်တော်သား ဘလော့ဂါတွေဆိုလည်း
ထို့အတူပဲ။ တချို့ဘလော့ဂ်ကတော့ ရှိမှန်းမသိလို့ သွားမဖတ်ဖြစ်တာပါ။
ရွှေမန်းတင်မောင်သီချင်းထဲကလို ပြောရရင် ….မုန်းလို့ဟုတ်ဘူး….မုန်းလို့ဟုတ်ဘူး….
မုန်းလို့ဟုတ်ဘူး။

တန္ခူး >> ဘေလာ့ဂ္ဂါ တေယာက္ရဲ့ ပို ့စ္ထဲမွာ ပါတဲ့ အေတြးအေခၚက
ကိုယ့်အတွေးအခေါ်နဲ့  ဆန့် ကျင်ဘက်ဖြစ်နေခဲ့ရင် ဘယ်လို ကော်မန့် ပေးသင့်တယ်လို့ 
ထင်ပါသလဲ။

ကိုပေါ >> ကျနော့်အလိုအရကတော့ ပေးချင်သလိုသာပေး ကိစ္စမရှိဘူး။ အကျိုးအကြောင်းနဲ့
ကိုယ့်အယူအဆကို ခိုင်ခိုင်မာမာ တင်ပြရင်တော့လည်း ဖတ်ရသူအဖို့ အကျိုးရှိတာပေါ့။ ဒါပေမယ့် လူတိုင်းက အကျိုးအကြောင်းနဲ့ ပြောနိုင်ချင်မှ ပြောနိုင်ဦးမှာကိုး။ တခါ ဒီလောက်အထိ စိတ်မရှည်လို့၊ အချိန်မပေးနိုင်လို့ ခပ်ထေ့ထေ့ကလေးသော်လည်းကောင်း၊
အရွှန်းဖောက်ပြီးသော်လည်းကောင်း၊ နောက်ပြောင်ပြီးသော်လည်းကောင်း ရေးချင်လည်း
ရေးကြပါစေပေါ့။

တန်ခူး >> ကိုယ့်ဆီမှာလာပေးသွားတဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်တဲ့ ကော်မန့် တွေကို ဘယ်လို
တုန့် ပြန်သင့်တယ်ထင်ပါသလဲ။


ကိုပေါ>> ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတော့… ဒါက တဦးနဲ့ တဦး သဘောကွဲလွဲနိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုတာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို
ဖွင့်ချပြီး ထိခိုက်တာဆိုရင်တော့ မကောင်းဘူးပေါ့။ ဒါပေမယ့် ပုဂ္ဂိုလ်ရဲ့ တွေးပုံ၊ ခေါ်ပုံ၊
ပြုမူပုံတွေကိုတော့ အပြန်အလှန်ဝေဖန်ကြရင်လည်း ဝေဖန်သင့်တယ်လို့ ကျနော်
ယူဆပါတယ်။ ကျနော်ထင်တာပြောတာပါ။ လက်ခံချင်မှ လက်ခံပါ။


တန်ခူး >> တချို့ ကပြောကြတယ် ဘလော့ဂ်လောကက ကျီးကိုဘုတ်မြှောက်၊
ဘုတ်ကိုကျီးမြှောက်တဲ့။ ကိုပေါကရော ဘယ်လိုထင်သလဲ။


ကိုပေါ>> ကျနော်လည်း အဲသလိုပဲ သဘောရပါတယ်။ ဒါပေမယ့် ကျီးနဲ့ဘုတ် သူဟာသူ
ကျေနပ်နေရင်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် မြှောက်နေကြပါစေသား။ သူတို့
လွတ်လပ်ခွင့်ပဲလေ။ မြှောက်ရတာ ကြာရင် မောသွားလိမ့်မယ်။ ဒါပေမယ့်
သတိပြုသင့်တာတခုကတော့ အင်္ဂလိပ်စကားပုံမှာ လူတိုင်းကို အတူတူလိုက်ပြီး ချီးမွမ်းခြင်းဟာ ဘယ်သူ့ကိုမှ မချီးမွမ်းတာနဲ့ အတူတူပဲတဲ့။ (Praising all alike is praising none.)

တန်ခူး >> တချို့ ကတော့ မြန်မာများ မကောင်းချက်တော့ ဘလော့ဂ်ပေါ်တောင် အချင်းချင်း
fight နေကြတယ်တဲ့။ မြန်မာလူမျိုးတွေကို အဲဒီလိုပြောရင် ကိုပေါဘာပြန်ပြောမလဲ။


ကိုပေါ>> သြော်…. လူဆိုတာ တယောက်တည်းတောင် စိတ်ထဲမှာ ချီတုံချတုံဖြစ်တာတို့၊ ပဋိပက္ခဖြစ်တာတို့ ရှိပါတယ်။ သူများနဲ့ဆို အယူအဆမတူလို့ ဖိုက်တာ ဘာဆန်းလဲ။ ၀ါးရင်းတုတ်ကိုင်ပြီး အပြင်မှာ လိုက်မရိုက်သရွေ့ အယူအဆတွေအကြား၊ အသင်းအဖွဲ့တွေအကြား၊ ဘလော့ဂါအချင်းချင်းအကြား ဘလော့ဂ်ပေါ်မှာ fight တာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အယူအဆတွေအကြား၊ လုပ်နည်းလုပ်ဟန်တွေအကြား၊ နည်းဗျူဟာတွေအကြား၊ သီဝရီတွေအကြား အချင်းချင်း ဖိုက်နေ၊ စစ်ကြောဝေဖန်နေမှ လူအဖွဲ့အစည်းဟာ တိုးတက်မှုရှိမှာပေါ့။

တန်ခူး >> ကိုပေါက fighterလား။ ဘာအတွက် fight တာလဲ။

ကိုပေါ>> ကျနော် Fighter လို့ ကိုယ့်ကိုယ်ကို ယူဆထားပါတယ်။ ဒါပေမယ့် သေနတ်ကိုင်၊
ဝါးရင်းတုတ်ကိုင်ပြီး ဖိုက်တဲ့ လူမျိုးတော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက
ခေါက်ရိုးကျိုးလာတဲ့ ကျနော့်အတွေးအခေါ်အယူအဆ၊ အကျင့်စရိုက် တချို့ကို ကိုယ့်ဖာသာ
တော်လှန်ဖို့ကြိုးစားတယ်။ နောက်ပြီး ကိုယ့်အခွင့်အရေးနဲ့ ကိုယ့်လွတ်လပ်မှုအတွက် အဓိက
ဖိုက်တယ်။ ကိုယ့်အခွင့်အရေး၊ ကိုယ့်လွတ်လပ်မှုက အခုတော့ အများအခွင့်အရေး၊
အများလွတ်လပ်မှုနဲ့ပါ ဆက်စပ်နေတော့တာပေါ့။


တန်ခူး >> ကိုယ်နဲ့ ဆန့် ကျင်ဖက် အငြင်းအခုန် ပြဿနာတက်ဖူးတဲ့ ဘလော့ဂ်ဂါဆီ
ပြဿနာဖြစ်ပြီးနောက်ပိုင်း သွားဖတ်သေးလား။


ကိုပေါ>> ဟာ….ဘယ်နေမလဲ။ ကျနော်အငြင်းအခုန်လုပ်ဖူးတဲ့ ဘလော့ဂ်တွေကလည်း
အများသားကလား။ အားလုံးကို အခုအထိ ဖတ်လည်းဖတ်တယ်။ မှတ်ချက်လည်းပေးတယ်။
ကွန်မင့်လုပ်စရာ အထွေအထူးမရှိရင် မလုပ်ပါဘူး။ ပို့စ်တိုင်းမှာ အမြင်မတူတာမဟုတ်ပါဘူး။
အမြင်တူပြီး နှစ်သက်တဲ့ ပို့စ်တွေလည်း ရှိနေပါတယ်။ တော်ရုံပို့စ်ကိုလည်း စိတ်မပါရင်
မှတ်ချက်မပေးပါဘူး။ တခါတလေတော့လည်း အပျင်းပြေ အပျော်သဘော
ပေါက်ကရမှတ်ချက်မျိုးပေးတာရှိပါတယ်။


တန်ခူး >> ကိုယ့်အမြင်က အမြဲမှန်တယ်လို့  ထင်သလား။

ကိုပေါ >> ကိုယ့်အမြင်က အမြဲမှန်တယ်ထင်ရင် ဗေဒင်ဟောစားတော့မှာပေါ့ဗျာ… ဟဲဟဲ။ နောက်တာပါ။ ကျနော်လည်း မှားနိုင်ပါတယ်။ ဒါပေမယ့် မှားမှန်းမသိခင်အထိတော့ ဘယ်သူမဆို
ကိုယ့်အယူအဆကိုယ် မှန်တယ်ထင်ကြတာဟာ ဓမ္မတာပဲလေ။

တန်ခူး >> ကိုယ်နဲ့ မတူ ကိုယ့်ရန်သူလို သတ်မှတ်သလား။


ကိုပေါ>> ကိုယ်နဲ့တကွသော အခြားသူများရဲ့ ပြောဆိုပိုင်ခွင့်ကို မပိတ်ပင်ဘဲ တန်းတူရည်တူ
အခွင့်အရေးပေးသရွေ့၊ လွတ်လပ်ပိုင်ခွင့်ကို မချုပ်ခြယ်သရွေ့၊ မဖိနှိပ်သရွေ့ ရန်သူလို
သဘောမထားပါဘူး။ အမြင်မတူသူလို့ပဲ သဘောထားပါတယ်။


တန်ခူး >> ပို့ စ်ထဲမှာ ကိုယ်ပေးချင်တဲ့ message ကို စာဖတ်သူဆီရောက်သွားအောင်
ဘယ်လို ဆွဲဆောင်သင့်လဲ။


ကိုပေါ>> သန်ရာသန်ရာပေါ့ဗျာ။ ဟာသ သန်တဲ့လူက ဟာသ၊ အတည်ပေါက်သမားက
အတည်ပေါက်၊ သရော်တဲ့လူက သရော်မယ်။ ကဗျာ၊ ဆောင်းပါး၊ ၀တ္ထု၊ ကာတွန်း၊ သီချင်း၊
ပုံသဏ္ဍာန်မျိုးစုံနဲ့ ပေးလို့ရတာ တန်ခူးသိသားနဲ့။


တန်ခူး >> အပြုသဘောကော်မန့် နဲ့ အပျက်သဘောကော်မန့် ဘယ်လို ခြွဲခားသလဲ။

ကိုပေါ>> ကော်မန့်ဟာ ကော်မန့်ပဲပေါ့။ အပြုသဘော၊ အပျက်သဘောဆိုတာ
ပေးတဲ့လူအပေါ်မှာထက် ယူတဲ့လူအပေါ်မှာ မူတည်ပါတယ်။ အပျက်သဘောလို့ ထင်စရာရှိတဲ့
ကော်မန့်ကို ယူတတ်ရင် အပြုသဘောဆောင်ပါတယ်။


တန်ခူး >> ကိုပေါက မိုးခါးရေကြိုက်သလား။ ဒါမှမဟုတ် လူ့ ဂွစာလား။

ကိုပေါ>> ကျနော်က “သစ္စာသည်သာ အလှတရား” ဆိုတဲ့ ဆောင်ပုဒ်ကို နှစ်သက်တယ်။
မိုးခါးရေမှန်းသိသိကြီးနဲ့ သောက်ရတာဆိုရင် ကျနော့်အနေနဲ့ အဲဒီ မိုးခါးရေကို
ကြိုက်နှစ်သက်လို့ သောက်တာမျိုးမဟုတ်ဘူး။ မတတ်သာလို့ သောက်ရတာ။ ကျနော့်မှာ
မသောက်ဘဲ နေရဲတဲ့အထိ သတ္တိမရှိသေးလို့၊ အရည်အချင်းမရှိသေးလို့၊ မပြည့်ဝသေးလို့
သောက်ရတာ။ ဒါပေမယ့် အဲဒီလုပ်ရပ်ဟာ မှန်ကန်တယ်လို့ ဘယ်လို့မှ မကြွေးကြော်ဘူး။
အဲဒီလုပ်ရပ်ကို ဖာထေးပြီးပြောနေမှာမဟုတ်ဘူး။


သောက်နေစဉ်မှာလည်း ဒါဟာ မကောင်းဘူးလို့ ပြောမယ်။ ကျနော်တတ်နိုင်တဲ့တနေ့မှာ
မိုးခါးရေမသောက်ဘဲ နေမယ်ဆိုတဲ့ စိတ်ထားမျိုးရှိပါတယ်။ အဲသည်လို မိုးခါးရေမသောက်ဘဲ
နေသွားနိုင်တဲ့ တချို့ကိစ္စတွေမှာ အများက သောက်နေကြဆဲဆိုရင်တော့ လူ့ဂွစာလို့
အထင်ခံရမှာပေါ့ဗျာ။

တန်ခူး >>နောက်ဆုံးမေးခွန်းကတော့ ကျွန်မကတော့ လားရာတူသူတွေ အချင်းချင်း
နားလည်မှုမလွဲပဲ ချစ်ခင်စည်းလုံးစေချင်တယ်။ ကိုပေါသဘောကရော။

ကိုပေါ>> ဘလော့ဂ်ရေးတာချင်းတူရုံနဲ့၊ တိုင်းပြည်လွတ်လပ်စေချင်တာချင်း တူရုံနဲ့
လူတိုင်းဟာ အတွေးအခေါ်မတူနိုင်ဘူးဆိုတာကို အခြေခံနားလည်သဘောပေါက်ရင်၊
အတွေးအခေါ်မတူတိုင်း ရန်သူမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ရင်၊ နောက်ပြီး
မတူညီတဲ့အတွေးအခေါ်တွေ၊ နည်းလမ်းတွေကြားမှာ အစဉ်အမြဲဆိုသလို
ဆွေးနွေးငြင်းခုန်မှုတွေ၊ ယှဉ်ပြိုင်မှုတွေရှိတယ်ဆိုတာကို နားလည်သဘောပေါက်ရင် အလိုလို
ချစ်ခင်စည်းလုံးပြီးသား ဖြစ်ပါလိမ့်မယ်။

*******************************
ကိုပေါပြောသလို ပွဲဆူအောင် လုပ်တာ မဟုတ်ပါဘူး။ ရှေးကထက်ပိုချစ်ကြစေချင်တဲ့ စေတနာနဲ့ ပါ။ နှစ်သစ်မှာ အားလုံးငြိမ်းချမ်းချစ်ခင်ကြပါစေ။

တန်ခူး
9:31pm 14-Apr-2009

Thursday, April 9, 2009

ချစ်သူသို့ ပေးစာ

သင်္ကြန်ဆိုတာ လူတွေရဲ့ စိတ်ကို ဆွတ်ပျံ့ ညွတ်နူးအောင် ဆွဲဆောင်နိုင်လွန်းတဲ့ အချိန်အခါမိုလား…။ သင်္ကြန်နားနီးတာနဲ့  သင်္ကြန်အငွေ့ အသက်တို့ နဲ စပြီး
ရင်ခုန်လှုပ်ရှားနေရပြီလေ။ တူးပို့ တူးပို့ တေးသံလေးကြားရတာနဲ့  နှလုံးသားကို ရေစင်နဲ့  ပက်ဖျန်းခံရသလို အေးမြငြိမ်းချမ်းသွားတတ်တာကလဲ သင်္ကြန်ရဲ့ ထူးခြားမှုတမျိုးပဲပေါ့။ သင်္ကြန်ကို ချစ်တတ်သူကျွန်မ ငယ်ငယ်တုန်းက သင်္ကြန်အမှတ်တရ စာလေးတစောင် ရေးခဲ့မိတယ်။ အဲဒီစာလေးကို လွန်ခဲ့တဲ့ ၁ရနှစ် ဒီလိုအချိန်မျိုးမှာ ရင်ခုန်ပွင့်စာမျက်နှာမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ ကျွန်မရဲ့ သင်္ကြန်အမှတ်တရထဲက တခုဖြစ်တဲ့ အဲဒီစာလေးကို ခံစားကြည့်ပါဦး။

*********************

မောင်…

စိုးရိမ် ထိတ်လန့် မှုနဲ့ အတူ သေချာတိကျတဲ့ ဆုံးဖြတ်ချက်တခုနဲ့  ဒီစာကို တုန်လှုပ်စွာ ရေးနေမိတယ် ဆိုရင် မောင်နားလည်နိုင်မလား….

မောင်ရယ်… ဒီစာဟာ မောင်နဲ့ ကျွန်မ အတွက် အဓိက အကျဆုံး စာတစောင် ဖြစ်သလို ကျွန်မနှလုံးသားရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် စာတစောင်ဆိုလဲ မမှားနိုင်ဘူးပေါ့…။ ကျွန်မနဲ့ မောင့်ကို အထိရောက်ဆုံး ဆက်သွယ်ပေးနိုင်မယ့် ကျွန်မလက်တွေကို အသုံးချပြီး ရေးလိုက်မိတာပါ…။

အလွန်မတန် ထူထဲပြီး ယောင်္ကျားပီသမှုကို အထင်အရှားပြနေတဲ့ မောင့်မျက်ခုံးနှစ်ဖက်ဟာ ကျွန်မစာကို စဖတ်ကတည်းက အစွမ်းကုန် နီးစပ်နေမှာ မြင်ယောင်မိပါတယ်…။ စတင် ဆုံဆည်းခဲ့ကတည်းက စလို့  ချစ်သူတွေ ဖြစ်ခဲ့ချိန်အထိ မောင့်ရင်ထဲမှာ မချင့်မရဲနဲ့  နားမလည်မှုများစွာ ဖြစ်ထွန်းနေခဲ့တယ်မိုလား မောင်…။

မောင်ပြောတဲ့ စကားတွေကို ခေါင်းညိတ်၊ ခေါင်းခါလုပ် တခါတလေကျတော့ မြေကြီးပေါ်မှာ တုတ်ကလေးနဲ့  ရေးခြစ်တုံ့ ပြန်တတ်တဲ့ အသည်းယားစရာ ကောင်းအောင် အေးစက်
နှုတ်ဆိတ်နိုင်လွန်းတဲ့ မောင့်ချစ်သူက မောင့်ဆီကို ပေးတဲ့ ပထမဆုံး ရည်းစားစာ တစောင်ပေါ့မောင်…။

ကျွန်မဆီမှာ ရှိသမျှ အားအင်တွေကို သုံးစွဲပြီး မောင်နဲ့  ကျွန်မရဲ့ ချစ်သူဘ၀လေးကို အနားသတ် ရပ်တန့် သွားစေနိုင်မယ့် ဒီစာလေးကို ကျွန်မရေးလိုက်ရတာပါမောင်…။ စိတ်ထားနူးညံ့ပြီး သည်းခံနိုင်စွမ်းရှိတဲ့မောင် ကျွန်မစာကို အတတ်နိုင်ဆုံး စိတ်ရှည်ရှည် ထားပြီး ဖတ်နေမှာပါဆိုတာ ကျွန်မ သံသယကင်းမဲ့စွာ ယုံကြည်နေပါတယ်…။

မောင်… မနက်ဖြန်ဆို သင်္ကြန်အကြိုနေ့ နော်…။ မောင်နဲ့ ကျွန်မကို ကံကြမ္မာက အလိုက် မသိတတ်စွာ ဆုံစည်းပေးခဲ့တာ မနက်ဖြန်ဆို တနှစ်ပြည့်ပြီလေ။

တကယ်ဆို မနှစ်က သင်္ကြန်တုန်းက ခါတိုင်းနှစ်တွေကလို ကျွန်မ အိမ်ထဲမှာသာ ခပ်ဆိတ်ဆိတ်နဲ့  တယောက်ထဲ အချိန်တွေ ကုန်ပစ်ဖို့ ကောင်းမှာ မောင်။ ကျွန်မညီမတွေရဲ့ ပျော်ရွှင်မှုတွေဟာ ကျွန်မဆီ ကူးစက်ပြီး ကျွန်မလဲ မနေနိုင်စွာ Virgin လို့ ခေါ်တဲ့ ရေကစား မဏ္ဍပ်လေးထဲကို ရောက်လာခဲ့ခြင်းက မောင်နဲ့  တွေ့ ဆုံဖို့  အကြောင်းဖန်လာခြင်းပဲနော်။ ကျွန်မဆီကို အလွန်မတန် အေးမြမွှေးကြိုင်တဲ့ ရေအေးအေး တခွက်နဲ့  မောင်ရောက်ရှိလာမှပဲ ကျွန်မ ရင်ခုန် လှိုက်မောစွာနဲ့  နောင်တရနေခဲ့တယ် မောင်။ မောင်နာမည်မေးတာကို ဖြေဆိုနိုင်စွမ်း မရှိတဲ့ ကျွန်မကို မောင်က အရှက်ကြီးလွန်းတဲ့ မိန်းခလေး တယောက်လို့  စတင် သတ်မှတ်ခဲ့တယ် မိုလား။ နောက်တနေ့ မှာ မောင်နာမည်မေးတာကို လျို့ ဝှက်မနေနိုင်ပဲ မြေကြီးပေါ်ကို တုတ်နဲ့ ရေးခြစ် ပြခဲ့တော့ မောင်က ကျွန်မလုပ်ရပ်ကလေးကို သိပ်ကို သဘောကျသွားခဲ့တယ်နော်…။ ဒါပေမယ့် မောင်နဲ့ ကျွန်မ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာ မောင့်စကားတွေကို အဲဒီလို အပြုအမူနဲ့ တုံ့ ပြန်တိုင်း မောင် စိတ်ပျက်စွာ ညည်းညူနေခဲ့တယ်လေ…။

သင်္ကြန်ကစတဲ့ အဖြစ်အပျက်လေးကို အစပြုပြီး မောင် ကျွန်မအပေါ် တစတစ တွယ်တာ လာခဲ့တာကို သိသိချင်း ကျွန်မနောက်ဆုတ်ဖို့  ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့ အိမ်ရှေ့ က အုတ်ခုံလေးမှာ နေ့ စဉ်ရက်ဆက် ဇွဲကြီးစွာနဲ့  ကျွန်မကို တွေ့ ဆုံနိုင်ဖို့  စောင့်နေတတ်တဲ့ မောင့်ကို ရှောင်ပုန်းဖို့  ကြိုးစားတိုင်း မအောင်မြင်ခဲ့ပါဘူးလေ…။ မောင့်ကို ကျွန်မဆီ လာဖို့  မဖိတ်ခေါ်နိုင်သလို မောင် ကျွန်မဆီက ထွက်သွားဖို့ လဲ မနှင်ထုတ်နိုင်ခဲ့ပါဘူး။ ကျွန်မဆီမှာ အဲဒီလို စွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေ ချို့ တဲ့ ပျက်စီးနေခဲ့တယ်လေ…။

မောင့်ကို သိပ်ကို သနားမိတဲ့ အဆုံး မောင်ထိုင်နေရာ အုတ်ခုံရှေ့ မှာ လက်လေးနောက်ပစ်ပြီး ခြေစုံရပ်မိခဲ့တယ်နော်။ မောင် ကျွန်မကို တွေ့ ခွင့်တောင်းတာကိုလည်း ကျွန်မ မငြင်းဆန်နိုင်ခဲ့ဘူး။ ကျွန်မရဲ့ အားနည်းချက်ကြောင့် တည်ငြိမ်နေမှုဟာ မောင့်ကို ဖိတ်ခေါ်သလိုများ ဖြစ်သွားခဲ့လားဟင်…။ ကျွန်မနှလုံးသားထဲက ဆန္ဒတွေကို မျက်လုံးတွေက အလိုက်မသိတတ်စွာ ဖွင့်လှစ်ပြနေခဲ့တာပဲလေ။

မောင်… တနှစ်ဆိုတဲ့ အချိန်ကာလတခုထိ လျို့ ဝှက်ချက်တခုကို သိုသိပ်စွာ ဖုံးကွယ်ထားနိုင်တဲ့ ကျွန်မကို မိုက်မဲတယ်လို့ ပဲ သဘောထားလိုက်ပါလေ။ ချစ်သူကို စကားတခွန်းပြောဖို့ … ယုတ်စွအဆုံး “မောင်” လို့  နင့်နင့်သီးသီး ခေါ်ဖို့ တောင် တွန့် တိုနေတတ်တဲ့ မိန်းခလေး တယောက်ကို ဘာကြောင့်များ စောစီးစွာ ကျောခိုင်း မသွားနိုင်တာလဲဟင်။ ဆုံတွေ့ နိုင်ဖို့ ကို မငြင်းပဲ ဆုံတွေ့ ချိန်မှာ မောင်ပြောသမျှစကားတွေကို ခေါင်းငုံ့  နားထောင် အချိန်ကုန်စေခဲ့တဲ့ မိန်းခလေး တယောက်ကို မောင်စွန့် ပစ်ခဲ့ဖို့  ကောင်းပါတယ်။ မောင် ကျွန်မအပေါ်မှာ အလွန်မတန် မြတ်နိုးလွန်း နေတယ်ဆိုတာ ကျွန်မရဲ့ အေးစက်မှုတွေကို နာနာကျင်ကျင် သည်းခံပေးနေတာကို ကြည့်ပြီး ကျွန်မနားလည်နိုင်ပါတယ်…။

တကယ်ဆို မောင်က ချစ်လားလို့  မေးခဲ့ချိန်မှာ ကျွန်မ ခေါင်းခါပစ်လိုက်ဖို့  ကောင်းတယ်နော်။ ဘာကြောင့်များ ကျွန်မခေါင်းတွေဟာ အဆင်အခြင်မဲ့စွာ တွင်တွင်ညိတ်နေမိခဲ့လဲ။ နောက်ပြီး… ကျွန်မလက်တွေဟာလဲ “မောင့်ကို ချစ်တယ်” ဆိုတဲ့ စကားလုံးလေးတွေကို မြေကြီးပေါ်မှာ စီချရေးနေမိခဲ့လဲ…။ မောင့်ကို ငြင်းဆန်ပစ်ဖို့  အားမွေးရင်း မောင့်ထံပါးမှာ နစ်သထက်နစ်မြုပ် နေခဲ့တာပါလေ။ ချစ်လားလို့ မေးတော့ ခေါင်းညိတ်နေတတ်ပြီး ချစ်တယ်လို့ ပြောဖို့ တွန့် တို နေတတ်တဲ့ ကျွန်မကြောင့် မောင့်မှာ အိပ်မရတဲ့ညတွေ များစွာ ပိုင်ဆိုင်နေရတယ် မိုလားဟင်…။

“မင်းဆီက ချစ်တယ်ဆိုတဲ့ စကားသံလေးသာ ငါကြားခဲ့ရင် အဲဒီလို ပျော်ရွှင်တဲ့ ခံစားမှုမျိုး ငါ့ဆီမှာ ဘယ်တော့မှ ရှိလာနိုင်မှာ မဟုတ်ဘူး” လို့  မောင်ပြောခဲ့ဖူးတယ်နော်။ အဲဒီအချိန်တုန်းကလေ ကျွန်မနှုတ်ခမ်းတွေဟာ အဲဒီစကားတခွန်းကိုပြောဖို့  အားယူ ကြိုးစားနေခဲ့တယ် ဆိုတာတော့ မောင်ဘယ်သိနိုင်မလဲ မောင်ရယ်…။ မောင် သိပ်ကို တောင့်တနေတဲ့ ချစ်တယ်ဆိုတဲ့ စကားသံလေးဟာ ကျွန်မဘ၀ရဲ့ နောက်ဆုံး နေ့ ရက်တွေထိ ပြောလို့ ထွက်မှာ မဟုတ်တော့ပါဘူး…။ တခါတခါ မောင်ရဲ့ သံသယတွေ၊ ထိုးနှက်ချက်စကားတွေကြားမှာ မရုန်းနိုင်အောင် နစ်မြုပ်ပြီး ပြန်ချေပဖို့  မစွမ်းဆောင်နိုင်တဲ့ ကျွန်မကို မောင်ကတော့ သွေးအေးလွန်းတဲ့ မိန်းခလေးတဲ့…။

မောင်… သင်္ကြန်ရေအေးအေးနဲ့ အတူ ကျွန်မအပါးကို ရောက်ရှိလာတဲ့ မောင်နဲ့ ကျွန်မရဲ့ နိဒါန်းက ငြိမ်းချမ်းသလောက် နိဂုံးကတော့ အဆမတန် ပူလောင်နေဦးမှာလားဟင်…။ တကယ်တော့… ကျွန်မဟာ ဘာစကားတခွန်းကိုမှ မပြောနိုင်တဲ့ မွေးရာပါ ဆွံ့ အနေတဲ့ မိန်းခလေးတဦးပါမောင်။ ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံး နေရာက ထွက်ပေါ်လာတဲ့ “မောင့်ကိုချစ်တယ်” ဆိုတဲ့ စကားသံကိုသာ မောင်ကြားလိုက်နိုင်ပါစေ။
ကျွန်မနှုတ်ကတော့…..။

မောင် သိပ်အံ့သြသွားလားဟင်။ လူတကာငေးလောက်တဲ့ ရုပ်ရည်ချောချောကို ပိုင်ဆိုင်ထားတဲ့ မိန်းခလေးတဦးရဲ့ ချွတ်ယွင်းချက်ဟာ မောင့်အတွက် အတော်တုန်လှုပ်သွားစေမှာပါ။ မောင် သိပ်ကို နှစ်သက်ပါတယ်လို့  ပြောခဲ့ဖူးတဲ့ ကျွန်မနှုတ်ခမ်း ထူအာအာကို ကျွန်မကတော့ အလွန်မုန်းတီးမိတယ်။ မောင်ဖုန်းဆက်တိုင်း ကျွန်မနှုတ်ခမ်းတွေကို နာကျင်စွာ ဖိကိုက်ပြီး တိတ်တဆိတ် မျက်ရည်ကျနေတတ်ပါတယ်။

သူများ ချစ်သူတွေ ချိုချိုသာသာ စကားတွေနဲ့  ချွဲနွဲ့ နေချိန်မှာ မောင်ပြောသမျှ စကားတွေကို ခေါင်းငုံ့ နားထောင်ရုံသာ တတ်နိုင်တဲ့ ကျွန်မ ဘ၀ဟာ ဘာများ မက်မောစရာ ကောင်းလိုက်ပါသလဲ…။ မောင်ပြောတဲ့ ကြည်နူးစရာ စကားတွေကို ရင်ထဲက အထပ်ထပ် အခါခါ ကြည်နူး… မောင်နာကျည်းစွာ စွပ်စွဲနေတဲ့အခါ ကျပြန်တော့ စိတ်ထဲက တိတ်တဆိတ် ဖြေရှင်းနဲ့  အနေရ သိပ်ခက်လှစွာနဲ့ ပဲ မောင့်အနားမှာ ကျွန်မအမြဲနေချင် နေခဲ့ပါတယ်။

မောင်နဲ့  ကျွန်မကြားက ကွာဟချက်ကြီးကို ဘယ်အရာနဲ့များ ဖျောက်ဖျက်ပစ်လို့  ရနိုင်မှာလဲဟင်။ အစစအရာရာ ပြည့်စုံနေတဲ့ ဆရာဝန်တယောက်ဖြစ်တဲ့ မောင်ကရော ကျွန်မလို ချို့ ယွင်းချက် ခပ်ကြီးကြီးနဲ့  မိန်းခလေးကို ဘ၀ တသက်တာလုံးအတွက် ရည်ရွယ် လက်တွဲနိုင်ပါ့မလား…။

မောင် ကျွန်မဆီက ကျောခိုင်း သွားမှာလား…။ အဲဒီအခြေအနေဆိုးကြီးကို ကြိုတင် ခံနိုင်ရည်ရှိအောင် ရက်အတော်ကြာကြာ မွေးမြူထားပေမယ့်လဲ စိုးရိမ် နေမိပြန်တယ်။ မောင် ကျွန်မအပေါ် သဘောထား မပြောင်းပဲ ဆက်ချစ်သွားနိုင်မယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မောင့်အတွက် မတွေးရက်ပြန်ဘူးလေ…။

မောင့်နှုတ်ခမ်းဖျားက ထွက်လာမယ့် အဖြေကို ကျွန်မကြားနိုင်ဖို့  သတ္တိမရှိလှဘူးမောင်…။ ဒါကြောင့် မနှစ်ကလို ကျွန်မညီမတွေ ရေကစားတာကို ထိုင်ပြီးငေးမောရင်းနဲ့  Virgin မဏ္ဍပ်က စောင့်နေမယ်မောင်…။ မောင် ကျွန်မနားကို ရေအေးအေး တခွက်နဲ့ အတူ ရောက်လာခဲ့ဦးမယ် ဆိုရင်တော့ ကျွန်မတို့ နိဂုံးကို အေးမြသွားပြီလို့  ယူဆလိုက်တော့မယ်မောင်။ မောင် မရောက်လာခဲ့ဘူး ဆိုရင်တော့…။

မောင့်ရဲ့
ကျွန်မ

*********************
(စာကြွင်း။ အဲဒီတုန်းက ဒီစာလေးကို ရေးဖို့ စိတ်ကူးရသွားခဲ့တာကတော့ ကျွန်မမေမေ ဆံပင်သွားညှပ်နေကျ ဆံပင်ညှပ်ဆိုင်လေးကနေပါ။ အရမ်းကိုလှပပြီး ဆံပင်ညှပ်ရာမှာလဲ အရမ်းကျွမ်းကျင်တဲ့ အဲဒီအမကြီးက စကားမပြောတတ်ရှာပါဘူး။ သူ့ ကိုတွေ့ ပြီး စိတ်ကူးရသွားခဲ့တာပါ။)

တန်ခူး
11:48am 9-Apr-2009

Monday, April 6, 2009

ကျွန်မရဲ့အလှူ

ဒီအချိန်ဆို ကျွန်မတို့  မြန်မာနိုင်ငံမှာ အလှူအတန်းတွေ ပေါတဲ့ အချိန်ပေါ့။ မနက်မိုးလင်းတာနဲ့  ဟိုနားက စပီကာသံကြား၊ ဒီနားက စပီကာသံကြား။ အော်ဂင်သံလေးနဲ့  သီချင်းလေးတွေဆိုကြ။ အိုးစည်၊ ဒိုးပတ်သံတွေကလဲ တညံညံ။ သင်္ကြန်ကလဲ နီးတော့ ပြင်ကြဆင်ကြ။ လူငယ်တွေက ရေပက်ကစားဖို့  ပြင်ကြဆင်ကြသလို လူကြီးတွေကလဲ လှူဖို့ တန်းဖို့  ကုသိုလ်ရေးအတွက် ပြင်ကြဆင်ကြပေါ့။ အဲဒီ Moodလေးက ကိုယ့်တိုင်းပြည်နဲ့  ဝေးနေပေမယ့် အလိုလို စိတ်ထဲရောက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကစပြီး အိမ်က ပေးလိုက်တဲ့ သင်္ကြန်ခွေ အသစ်လေးတွေ ဖွင့်လိုက်၊ အရင်က သင်္ကြန်ခွေ အဟောင်းလေးတွေ ပြန်ဖွင့်လိုက်နဲ့  အလုပ်ရှုပ်နေတဲ့ ကျွန်မကို အိမ်က အမျိုးသားက ခပ်ပြုံးပြုံးနဲ့ ကြည့်လို့ ။ သူ့ မှာ အဲဒီလို Mood သိပ်မရှိဘူး ထင်ပါတယ်။ သားကတော့ ကျွန်မနဲ့ အတူ သီချင်းတွေ လိုက်ဆို… “ရေတွေကျန်သေးလားဟေ့” တဲ့။

ငယ်ကတော့ မေမေက ဒီလိုနေ့ ဆို ဆနွင်းမကင်းလေးဖုတ် ပန်းကန်လေးတွေထဲထည့်ပြီး တလမ်းလုံး လိုက်ဝေခိုင်းပါတယ်။ မေမေချုပ်ပေးတဲ့ ဂါဝန်အသစ်လေးဝတ်ပြီး အဲဒီလို လိုက်ဝေနေရတာကိုပဲ ပျော်နေခဲ့တာပါ။ အသက်နဲနဲရလာတော့ ပျော်ဖို့ ရွှင်ဖို့ ထက် လှူဖို့ ကို ပိုစိတ်အားသန်လာပါတယ်။ အလှူအတန်းရာသီမှာ မွေးတဲ့သူမို့ ထင်ပါတယ်။ ဒီနှစ်တော့ ထူးထူးခြားခြား ဘလော့ဂ် ကြွလာမိတ်သဟာတွေ အတွက် အလှူကြီးပေးချင်တယ်ရှင်။ ဘယ်မြန်မာ စားသောက်ဆိုင်မှာမှ အဲဒီလောက် ရွေးချယ်စရာ များမှာ မဟုတ်တဲ့ ဟင်းစပ်မျိုးပေါင်း ၁၀၀။ ကဲ… ဘာများ အာသီသရှိပါလိမ့်။ ဟင်းမျိုးပေါင်း ၁၀၀ ထဲက ကြိုက်ရာသာပြော။ ဟိုတပါတ်ထဲက ကြိုတင်ဟင်းစပ် ပေးထားကြတဲ့ ချစ်သော ဘလော့ရောင်းရင်းတွေကို အရမ်းကို ကျေးဇူးတင်ပါတယ်။ တွံတေးသိန်းတန်သီချင်းလေးဖွင့်… ကျွန်မပေးတဲ့ အလှူကို ကြွကြပါ။ ထမင်းရည်ချောင်းစီး မောင်းတီးပြီး လှူပါရစေ။ ဒီနေ့ ဘာနေ့ လဲဟုတ်လား… ဒါတော့ စဉ်းစားကြည့်နော်။

ဟင်းစပ်(၁၀၀)
၁) အဖေတစ်လှည့် သားတစ်လှည့်ဟင်းစပ်(ရွာသားလေး)
၂) ပိန္နဲသီးအစိမ်း+၀က်သား၊ မျှစ်တာလပေါဟင်း၊ ကရင်ငါးပိထောင်း(ကိုစေးထူး)
၃) အမဲသား၊ ပဲနီလေးကြာဇံဟင်းချို၊ သရက်သီးထောင်း (Sin dan lar)
၎) မျှစ်ချဉ်နဲ့ဝက်သား၊ ငါးပိထောင်း(Sin dan lar)
၅) ကြက်ဥနဲ့ကြက်သွန်နီမွှေကြော်၊ ကန်စွန်းရွက်ကြော်၊ ငါးပိရည်(Sin dan lar)
၆) ပုဇွန်မီးဖုတ်သုတ်၊ ဗူးသီးဟင်းခါး၊ ငါးပိထောင်း(Sin dan lar)
၇) ငါးဟင်း၊ သခွားသီးသုတ်၊ ငါးပိရည် တို့စရာ(Sin dan lar)
၈) သင်္ဘောသီးသုတ်၊ အာပူလျှာပူ (Sin dan lar)
၉) ဝက်သားအာလူး၊ ချဉ်ပေါင်ဟင်း၊ ငါးပိထောင်း(Sin dan lar)
၁၀) ငါးဘတ်မုန်လာရွက်ချဉ်ရည်ဟင်း ၊ ရခိုင်ငပိထောင်း၊ ပဲထောပတ်နှပ်(သန့် )
၁၁) ပုဇွန်အစပ်ကြော်၊ ကန်ဇွန်းရွက်ချဉ်ရည်ဟင်း၊ ကြက်ဥကြော်(နံနံပင်၊ကြက်သွန်နီ၊ငရုတ်သီးစိမ်းထည့်ကြော်) (သန့် )
၁၂) ဝက်သားဗုံလုံသီးအစာသွပ်နှပ် ၊ ပဲနီပြားသုတ်၊ မြင်းခွားရွက်သုတ်၊ချဉ်စပ်ယိုးဒယားဟင်းချိုချဉ်စပ်(သန့် )၁၃) ငါးပြေမ ( ခရမ်းချဉ်သီးနဲ့) ဆီပြန်ချက်၊ ငရုတ်သီးခြောက်လေးစိပ်ခွဲထောင်းကြော်၊ ငါးပိရည်ငါးမီးဖုတ်ဖျော်၊ တမာချဉ်(သန့် )
၁၄) ဝက်သားဒညင်းသီးချက်၊ ကင်ပွန်းချဉ်ရွက်ချဉ်ရည်ဟင်း၊ ငရုတ်သီးစိမ်းထောင်း(ငရုတ်သီးစိမ်းလှော် ၊နံနံပင် ၊ငါးမီးဖုတ် ၊ဆား၊ ကြက်သွန်ဖြူ ရောထောင်း) (သန့် )
၁၅) ငါးချဉ် (သို့) ပုဇွန်ချဉ်သုတ်၊ ပဲနီလေးငပိချက်၊ ဘူးသီးဟင်းခါး၊ အရွက်ကြော်(သန့် )
၁၆) ပင်စိမ်းရွက်ငါးလေးအိုးကပ်၊ ဘူးညွန့်ကြော်ချက်၊ မရမ်းသီးသုတ်၊ ငါးပိရည် တို့စရာ(သန့် )
၁၇) ငါးခူကြော်နှပ် (ဆီပြန်ချက် )၊ပဲကြီးဆူးပုတ်နှပ်၊ ငရုတ်သီးတောင့်ကြော်(သန့် )
၁၈) ၀က် (သို့) ကြက်သားချိုချဉ်၊ ကျောက်ပွင့်သုပ်၊ တုံယမ်းဟင်းချို(မေဓာဝီ)
၁၉) ငါးခြောက်ထောင်းကြော်၊ ပဲစဉ်းငုံဟင်း၊ ရုံးပတီသီးနှပ်၊ ငရုတ်သီးဆားထောင်း(မေဓာဝီ)
၂၀) ပဲထောပတ်ထမင်း (ပဲနီလေး)၊ ကြက်သား မဆလာချက်၊ ပါပလာကြော်၊သရက်သီးသနှပ်(မေဓာဝီ)
၂၁) ငါးထမင်းနယ် (ငါးမကြိုက်ရင် အာလူး)၊ စွန်တန်ဟင်းချို၊ ဂျူးမြစ်၊ ငရုတ်သီး အခြောက်တောင့်ကြော် (မေဓာဝီ)
၂၂) ပုဇွန်ဆီပြန်၊ ဒန့်သလွန်သီးမီးဖုတ်ခြစ်ချက်၊ ကြာဆံဟင်းခါး(မေဓာဝီ)
၂၃) ကြက်သားသုပ်၊ ပဲကြော် (kidney bean)၊ ဗူးသီးချဉ်ရည်(မေဓာဝီ)
၂၄) ၀က်သားချဉ်စပ်၊ ကန်စွန်းရွက်နဲ့မှို၊ ပဲစောင်းလျားသီးသုပ်(မေဓာဝီ)
၂၅) ၀က်သားနဲ့ ပုံးရည်ကြီးချက်၊ မုံလာဥ ချဉ်ရည်(နုသွယ်)
၂၆) ဘဲဥ အချဉ်ချက်၊ ပဲနီလေး ဟင်းချို၊ ငါးပိထောင်း(နုသွယ်)
၂၇) ပဲထောပတ် ဆီပြန်၊ မြေပဲ ဂျူးမြစ်ကြော်၊ ပုံးရည်ကြီးသုတ်၊ ဘူးရွက်ဟင်းချို(နုသွယ်)၂၈) ပဲခြမ်းကြော်သုတ်၊ မျှစ်ခြောက်ကြော် (အချို)၊ လက်ဖက်ရည်ကြမ်း(နုသွယ်)
၂၉) ဆိတ်သားနဲ့ ကုလားပဲ၊ ငြုတ်သီးတောင့်ကြော်(နုသွယ်)
၃၀) ၀က်နံရိုး ကြံမဆိုင်၊ ပဲပြားသုတ်(ပုဇွန်ခြောက်မှုန့် များများလေးနဲ့)၊ ခရမ်းသီးနှပ်၊ ပဲကြီး ဆူးပုပ်ဟင်းချို (နုသွယ်)
၃၁) ပဲဟင်း၊ ဟင်းနုနွယ်ရွက်ကြော်၊ မရမ်းသီးငပိထောင်း (မီယာ)
၃၂) ငါးကင်၊ မုန်ညှင်းရွက်ကြော်၊ စွန်ထန်ဟင်းချို(မီယာ)
၃၃) ကြက်သားသုပ်၊ ကန်စွန်းရွက်ကြော်၊ ဘူးသီးဟင်းခါး(မီယာ)
၃၄) ငါးကျည်းအကျွတ်ကြော်၊ ကင်ပွန်းချဉ်ရွက်ချဉ်ရည်၊ ငရုတ်သီးဆားထောင်း (အင်ကြင်း)
၃၅) ၀က်သားအချိုချက်၊ ရွှေဖရုံသီးဟင်း၊ မန်ကျည်းသီးစိမ်းငါးပိထောင်း(အင်ကြင်း)
၃၆) ခေါက်ဆွဲသုတ်၊ ဆန်ပြုတ်+၀က်ရိုး၊ ကြက်ဥကြော်၊ ငါးခြောက်းဆီဆမ်း (မောင်မျိုး)
၃၇) ထမင်းသုတ်၊ ၀က်သားသုံးထပ်သားကြွပ်ကြွပ်ကျော်၊ ငါးပိ(မောင်မျိုး)
၃၈) fried beef with chilli, onion, garlic၊ roselle soup(Wunna)
၃၉) ငါးလေးနဲ့ကင်ပွန်းရွက်အိုးကပ်ချက်၊ ပဲနီလေးဆူးပုပ်ဟင်းချို၊ မြူရွက်သုပ်(နိနိ)
၄၀) ငါးရံ့ခြောက်ကြွပ်ကြွပ်ကြော်၊ ပဲကြီးနှပ်၊ သရက်ချဉ်မာမာလေးကို ကြက်သွန်နီလေးနဲ့သုပ်၊ ငရုတ်သီးတောင့်လုံးကြော် ပုဇွန်ငါးပိလေးနဲ့(နိနိ)
၄၁) ဝက်သားခရမ်းသီးနှပ်၊ မန်ကျည်းရွက်ပါလေကာနဲ့ ဆန်ဟင်းချို၊ ပါလချောင်ကြော်(နိနိ)
၄၂) အမဲသားနှပ်၊ ဂွေးတောက်ရွက်ဟင်းချို၊ မန်ကျည်းရွက်ချဉ်မာမာဝင်းဝင်းလေးတွေကို ကြက်သွန်ဖြူလေးနဲ့သုပ် (နိနိ)
၄၃) ဝက်ကလီစာဟင်း၊ ကင်ပွန်းဖူးငါးပိချက်၊ မျှစ်စိမ်းဆန်ဟင်း(နိနိ)
၄၄) ဝက်သားမီးမြိုက်အနှပ်၊ပြည်ပန်းညိုရွက်ဟင်းချို၊ ကင်းပုံသီးနဲ့မန်ကျည်းရွက်ရောချဉ်သိပ်ထားတာကို ငါးပိနဲ့ကြော်ထားတာ (နိနိ)
၄၅) ငါးပိကောင်ချက်၊ ဒန့်သလွန်ရွက်ဟင်းချို၊ မျှစ်ပြုပ်ပြီးကြက်သွန်ဖြူလေးနဲ့ရောထောင်းထားတာ နှမ်းထောင်းလေးနဲ့သုပ်(နိနိ)
၄၆) ပဲပြုပ်ထမင်းပူလေးဆီဆမ်း၊ ငါးရံ့ခြောက်ဖုတ်၊ မန်ကျည်းချဉ်သုပ်(နိနိ)
၄၇) ငါးရံ့ခြောက်ဆီပြန်၊ကဆော့သီးလှော်ထောင်း၊ တမာရွက်တို့စရာ (နိနိ)
၄၈) ငရုတ်သီး ငါးရံ့ခြောက်အတုံးလေးတွေကို ကြက်သွန်နီနဲ့ စိုစိုလေးကြော်၊ ခရမ်းသီးမီးဖုတ်သုပ်၊ ကုလားပဲနှပ်(နိနိ)
၄၉) ငါးသလောက်နှပ်၊ သမုန်းဖူးသုပ်၊ ကင်းပုံဆူးပုပ်ရွက်ဟင်းချို(နိနိ)
၅၀) ဖားသားနဲ့ကင်ပွန်းချဉ်ချက်၊ ငါးပိကောင်ကြော်(နိနိ)
၅၁) ဆိတ်သားလုံးချက်၊ မန်ကျည်းသီးထောင်း ကြော်(သို့)မန်ကျည်းဖူးကြော်၊ ဗူးသီးဟင်းခါး(စူးနွယ်)
၅၂) ငါးခူငါးပိကောင်ငရုပ်သီးစပ်စပ်ကြော်၊ မန်ကျည်းရွက် ချဉ်ရည်( စူးနွယ်)
၅၃) မုန်ညင်းစော၊ ဆလပ်ရိုးနဲ့ ပဲကြာဇံသုပ်( စူးနွယ်)
၅၄) ကြက်ဥကိုကြက်သွန်နီနဲ့ခလောက်ကြော်၊ ပုန်းရည်ကြီးကို လက်ပံပွင့်ခြောက်နဲ့ ချဉ်ရည်ဟင်းချက် ( စူးနွယ်)
၅၅) ၀က်သားနဲ့ ကြက်ဥပေါင်း၊ကြံမဆိုင်ဟင်းချို (မခင်မင်းဇော်)
၅၆) ကြက်သားအချိုပေါင်း၊ ရှောက်သီးသုပ်၊ ဟင်းခါး (မခင်မင်းဇော်)
၅၇) ကကတစ်ငါး နဲ့ဆားငံသီးပေါင်း၊ ကြက်ရိုးနဲ့ ကြာစွယ် အရည်သောက်(မခင်မင်းဇော်)
၅၈) ကကတစ်ကြော်ပြီး ပဲငပိနဲ့အစပ်နှပ်၊ ပဲနီလေးဟင်းချို(မခင်မင်းဇော်)
၅၉) ငါးမြင်းနဲ့ ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း၊ ငါးပိ တို့စရာ(မခင်မင်းဇော်)
၆၀) ငါးကြင်းခုတ်သားနဲ့ ခရမ်းချဉ်သီး၊ ငါးပိ တို့စရာ(မခင်မင်းဇော်)
၆၁) ပုဇွန်ခြောက်နဲ့ အာလူးအ၀ိုင်းလေးးတွေလှီး အစပ်ဆီပြန်ကြော်၊ ကုလားပဲဟင်းချို ကြာဇံခတ် ၊ သရက်သီးစိမ်းဒါးနဲ့ပေါက်၊ ပုဇွန်ခြောက်၊ ကြက်သွန်နီများများနဲ့ ငပိနည်းနည်းထည့် ကြော်တဲ့ သရက်သီးကြော်(မခင်မင်းဇော်)
၆၂) ခရမ်းချဉ်သီး ငါးကျည်းခြောက် ဆီပြန်၊ ပဲစောင်းခါးသီးသုပ်၊ ပဲနီလေးဟင်းရည်(kwz)
၆၃) ဝက်နံရိုး (သို့) ကြက်တောင်ပံ ကင်၊ ယိုးဒယားသင်္ဘောသီးထောင်း၊ Tom-Yum ဟင်းရည်(kwz)
၆၄) ကြက်ဥမွှေကြော် (အထဲမှာ ဝက်သားတောက်တောက်စဉ်းပြုတ်ကြော်လုပ်ပြီးသားပါထည့်ပြီး ခလောက်ကျော်ရင် ပိုကောင်းပါတယ်)၊ Tom-Yum ဟင်းရည်(kwz)
၆၅) ငါးကြော် (သို့) ဝက်သနီချက် (သို့) အသားဟင်းတမျိုးမျိုး၊ ပဲပင်ပေါက်သုပ် (ပဲပင်ပေါက်ကို အနေတော်ပြုတ်ပြီး၊ ဆီချက်၊ ပုဇွန်ခြောက်မှုန့်၊ နှမ်း၊ ငရုတ်သီးမှုန့်၊ သံပုရာသီး၊ ဆား၊ ငန်ပြာရည် နဲ့ သုပ်တာ)၊ ဟင်းချို(kwz)
၆၆) ၀က်သားအချိုချက်၊ ငါးခြောက်သီးစုံကုလားဟင်း(နုစံ)
၆၇) ငါးဖယ်ဆီပြန်၊ ဘူးသီးဟင်းခါး၊ ရှောက်သီးသုပ်(နုစံ)
၆၈) ငါးရံ့ နဲ့ဒန့်ဒလွန်သီး၊ မရမ်းသီးထောင်း(နုစံ)
၆၉) ကြက်သား ကညွတ်၊ ငါးပိထောင်း(သို့) မရမ်းသီးထောင်း(နုစံ)
၇၀) ငါးခူကြော်၊ အချဉ်ဟင်း (မုန်လာပင်ပေါက်၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်) (နုစံ)
၇၁) ကြက်သား အာလူး အစပ်ချက်၊ မျှစ်နဲ့ ပုဇွန်ကြော်(နုစံ)
၇၂) ၀က်သားအစပ်ချက်၊ အသုပ် (မရမ်းသီး ၊ သရက်ချဉ်) (နုစံ)
၇၃) ၀က်သားမျှစ်ချဉ်၊ ပုဇွန်ခြောက်ကြော် (နုစံ)
၇၄) ငါး (ငါးခူ၊ ငါးကြင်း၊ ငါးအိုးကပ်) ဆီပြန်၊ ပဲဟင်းချို၊ ငါးပိရည် တို့စရာ(နုစံ)
၇၅) ငါးကြော် ကို ငရုတ်သီးပြန်နပ်၊ ဟင်းချို (သို့) အချဉ်ဟင်း(နုစံ)
၇၆) ငါးခြောက်ထောင်းကြော်၊သရက်သီးငါးပိချက်၊ ကုလားပဲ အချိုချက်(မြတ်နိုး)
၇၇) ငါးပတ်မွှေ၊ ကင်မွန်းရွက်ချဉ်ရည်(ကိုသစ်နက်ဆူး)
၇၈) ပုဇွန်ကြော်၊ မုန်လာဥချဉ်ရည်(မခင်ဦးမေ)
၇၉) ဘဲဥချဉ်ရည်၊ မျှစ်နဲ့ချဉ်ပေါင်(မခင်ဦးမေ)
၈၀) ကြက်သား နဲ့  ဗူးသီး(သို့ ) ဂေါ်ရခါးသီး ကာလသားချက် (အရည်သောက်)၊ ခရမ်းချဉ်သီး ငါးပိချက်(တန်ခူး)
၈၁) ၀က်သားဆီပြန်၊ ကန်စွန်းရွက်ချဉ်ရည်(တန်ခူး)
၈၂) ကြက်ဥသီးစုံချဉ်ရည်၊ငါးပိကြော် (သို့ ) ပုဇွန်စိတ်ကြော် (တန်ခူး)၈၃) ၀က်သားဆီဗူးကြော်(၀က်သားကြိတ်သားကို တန်ပူရာ၊ ကြက်ဥနဲ့ ရောကြော်တာပါ)၊ကြာစွယ်ဟင်းခါး(တန်ခူး)၈၄) ပုဇွန်မဆလာချက်၊ခရမ်းချဉ်သီးသုတ်(သို့ ) မြင်းခွါရွက်သုတ်(တန်ခူး)၈၅) ကြက်သားကုလားပဲဆီပြန်၊ဟင်းရွက်စုံဟင်းချို (ဒန့် ဒလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်ရွက်၊ ကန်စွန်းရွက် အရွက်တွေပေါင်းပြီး ချက်တာပါ) (တန်ခူး)၈၆) ငါးရံ့ခြောက်ထောင်းကြော်၊ပဲနီလေးကြာဇံဟင်းချို(တန်ခူး)၈၇) ဘဲပေါင်း၊ကြံမဆိုင်ဟင်းချို(တန်ခူး)၈၈) ကြက် (သို့ ) ၀က် ကုန်းဘောင်ကြီးကျော်၊ကျောက်ဖရုံသီးဟင်းချို(တန်ခူး)၈၉) ငုံးဥကြော်ချက်၊အာလူးကက်တလစ်ကြော်(တန်ခူး)၉၀) ပဲကြီးနှပ်၊အာလူးကြာဇံသုတ်(သို့ ) မုန်လာဥနီသုတ်(တန်ခူး)၉၁) ပုဇွန်ငါးဆုတ်ချက်၊ဒန့် ဒလွန်သီးချဉ်ရည်(တန်ခူး)၉၂) ၀က်သား ဒညင်းသီးချက်၊မန်းကျည်းသီးစိမ်း ငါးပိချက်(တန်ခူး)၉၃) ငါးလေးအိုးကပ်၊ မရမ်းသီးထောင်း(တန်ခူး)၉၄)ဆိတ်သားဆီပြန်၊ကြက်ဟင်းခါးသီးကျော်(တန်ခူး)၉၅) ကင်းပုံသီး၊မျှစ်ကြော်၊ဇီးဖြူသီးထောင်း(တန်ခူး)၉၆) လဘက်ထမင်း၊ငပိရည်တို့ စရာအစုံ(တန်ခူး)၉၇) တို့ ဘူးသုတ်၊အာလူးဟင်းခါး(တန်ခူး)
၉၈) ငါးရံ့ခြောက်ခရမ်းချဉ်သီးချက်၊ ဟင်းနုနွယ်ရွက်သုတ်(တန်ခူး)
၉၉)ဘယာကြော်ချက်၊ ခရမ်းချဉ်သီးပန်ထွေဖျော်(တန်ခူး)
၁၀၀) ငါးရဲယိုရွက်ပေါင်း၊ ချဉ်ပေါင်မျှစ်ချဉ်ရည်(တန်ခူး)


တန်ခူး
11:14am 6-Apr-2009

Thursday, April 2, 2009

ဟင်းစပ်

တခြားအိမ်ရှင်မတွေတော့ မပြောတတ်ဘူး။ ကျွန်မအတွက်တော့ ဟင်းစပ်ကို စဉ်းစားရတာ အတော် ဦးနှောက်ခြောက်ပါတယ်။ ဒီနေ့ ကြက်သားဟင်းချက်မယ်၊ ၀က်သားဟင်းချက်မယ်… ဒီလို စဉ်းစားရတာ လွယ်ပေမယ့် ဟင်းကြီးနဲ့ လိုက်မယ့် နောက်တမျိုးစဉ်းစားရတာ အတော်ခက်ပါတယ်။ ဒီကြားထဲ ကိုယ်က အစာအိမ်ရောဂါရှိသူဆိုတော့ အစားရှောင်ရတာ တမျိုး၊ သားပါစားလို့ ရအောင်က တမျိုး၊ အမျိုးသားကလဲ ကိုယ်နဲ့ တချို့ နေရာတွေ အကြိုက်ချင်း မတူတော့ အတော် စဉ်းစားရကြပ်ပါတယ်။

အရင်က ညီမ၀မ်းကွဲလေးရှိတုန်းက စနေဆို သူနဲ့ ဈေးဝယ်ထွက် ပြီးရင် ပါလာတဲ့ ဟင်းချက်စရာပေါ်မူတည်ပြီး သူ့ ကို တပတ်စာ ဟင်းစပ်ပေးရပါတယ်။ နေ့ တိုင်း ဦးနှောက်စားတာထက် အဲဒီတရက် တခါတည်း ဦးနှောက်စားရတာ ပိုသက်သာပါတယ်။ တခါတလေ ညီမလေးလုလုဆီသွားဖတ်ပြီး အကြံရသလို တခါတလေ ညီမလေးနိနိရဲ့ အသုတ်ကလေးတွေသွားယူ တခါတလေကျတော့ ကိုအန်ဒီတို့ ဆီသွား မွှေနှောက်ပြီး တပတ်စာ စဉ်းစားတတ်ပါတယ်။ ခုညီမလေးလဲ ပြန်သွားတော့ တကိုယ်တော်စဉ်းစား၊ တကိုယ်တော်ချက်။ မဖြစ်သေးဘူး… သူများတွေ ဘာလိုတွေများ ဟင်းစပ်ကြသလဲ သိချင်လို့  အကူအညီတောင်းဦးမှဆို ဒီပို့ စ်လေး ရေးဖြစ်တာပါ။

အရင်က ကျွန်မတို့  အညာမြို့ လေးမှာ တလစာ ဟင်းစပ်ကို ဇယားလေးဆွဲထားတတ်တဲ့ အန်တီတို့  အန်ကယ်တို့ ကို သတိရမိပါတယ်။ မြန်မာပြည်မှာ ရာသီပေါ်သီးနှံလေးတွေကလဲ ပေါတော့ ချက်ပါလေ့။ ဒါပေမယ့် တခါတခါ ဇယားအတိုင်း သွားရတာလဲ အခက်သားလား။ ဇယားဆွဲတုန်းက တင်္နလာနေ့  ဒီဟင်းလေးချက်ရင် ကောင်းမယ် စဉ်းစားမိပေမယ့် အဲဒီနေ့  ရာသီဥတုအခြေအနေနဲ့  ခံတွင်းတွေ့ တာပေါ်မူတည်ပြီး စိတ်က ပြောင်းတတ်တာမျိုး။ ဥပမာ- မိုးလေးအေးရင် ဟင်းခါးပူပူလေး သောက်ချင်တာမျိုးပေါ့။ လူက နေမကောင်းချင် သလိုလိုဆို ချဉ်ငံစပ် အသုတ်လေး စားချင်တာမျိုး။

များသောအားဖြင့် ချက်ဖြစ်တဲ့ အသားကတော့ ကြက်သား၊ ၀က်သား၊ ပုဇွန်ပါပဲ။ သားအတွက် ငါးချက်ဖြစ်ပေမယ့် သူ့ အဖေက ငါးမစားတော့ ကြက်သား၊ ၀က်သား သူ့ အတွက် ချက်ရတာပါပဲ။ ကျွန်မက အစာအိမ်သမား၊ လေသမားဆိုတော့ အရမ်းကြိုက်တဲ့ ချဉ်ပေါင်ရွက်တို့  ခရမ်းသီးတို့  မရမ်းသီး လဘက် ချဉ်ဖတ်မစားရပါဘူး။ ကျွန်မ မကြာမကြာချက်ဖြစ်တဲ့ ဟင်းစပ်တွေက ပျင်းစရာကောင်းတာတော့ အမှန်ပဲ။ ကြည့်ပါဦး။

၁) ကြက်သား နဲ့  ဗူးသီး(သို့ ) ဂေါ်ရခါးသီး ကာလသားချက် (အရည်သောက်) + ခရမ်းချဉ်သီး ငါးပိချက်
၂) ၀က်သားဆီပြန် + ကန်စွန်းရွက်ချဉ်ရည်
၃) ကြက်ဥသီးစုံချဉ်ရည်+ ငါးပိကြော် (သို့ ) ပုဇွန်စိတ်ကြော်
၎) ၀က်သားဆီဗူးကြော်(၀က်သားကြိတ်သားကို တန်ပူရာ၊ ကြက်ဥနဲ့ ရောကြော်တာပါ)+ကြာစွယ်ဟင်းခါး
၅) ပုဇွန်မဆလာချက်+ခရမ်းချဉ်သီးသုတ်(သို့ ) မြင်းခွါရွက်သုတ်
၆) ကြက်သားကုလားပဲဆီပြန်+ဟင်းရွက်စုံဟင်းချို (ဒန့် ဒလွန်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဆူးပုတ်ရွက်၊ ကန်စွန်းရွက် အရွက်တွေပေါင်းပြီး ချက်တာပါ)
၇) ငါးရံ့ခြောက်ထောင်းကြော်+ပဲနီလေးကြာဇံဟင်းချို
၈) ဘဲပေါင်း+ကြံမဆိုင်ဟင်းချို
၉) ကြက် (သို့ ) ၀က် ကုန်းဘောင်ကြီးကျော် + ကျောက်ဖရုံသီးဟင်းချို
၁၀) ငုံးဥကြော်ချက်+ အာလူးကက်တလစ်ကြော်
၁၁) ပဲကြီးနှပ်+ အာလူးကြာဇံသုတ်(သို့ ) မုန်လာဥနီသုတ်
၁၂) ပုဇွန်ငါးဆုတ်ချက်+ဒန့် ဒလွန်သီးချဉ်ရည်

စိတ်ထဲမှာ အာသီသဖြစ်ပြီး ကျန်းမာရေးကြောင့် မစားရဲတဲ့ ဟင်းစပ်လေးတွေကတော့…
၁) ၀က်သား ဒညင်းသီးချက်+ မန်းကျည်းသီးစိမ်း ငါးပိချက်
၂) ငါးလေးအိုးကပ်+ မရမ်းသီးထောင်း
၃)ဆိတ်သားဆီပြန်+ကြက်ဟင်းခါးသီးကျော်
၎) ကင်းပုံသီး၊မျှစ်ကြော်+ဇီးဖြူသီးထောင်း
၅) လဘက်ထမင်း+ငပိရည်တို့ စရာအစုံ
၆) တို့ ဘူးသုတ်+အာလူးဟင်းခါး

မိတ်ဆွေတို့ ရော ထမင်းမြိန်အောင် ဘယ်လို ဟင်းစပ်လေးတွေ ဖန်တီးကြသလဲ။ ကော်မန့် လေးမှာ ရေးပေးသွားကြပါနော်။ ပြီးရင် ဟင်းစပ်လေးတွေ ပေါင်းပြီး အိမ်ရှင်မတွေ အတွက် အကူအညီရအောင် ပို့ စ်တခုတင်ပေးပါမယ်။

ထမင်းမြိန်ကြပါစေ…။

တန်ခူး
2:52pm 02-Apr-2009