Thursday, February 8, 2018
ဆယ်ကျော်သက်
ဒီမနက် ဆယ်ကျော်သက်အရွယ်ကျောင်းသူလေးကို ဆရာမက သူ့ ဖုန်းခိုးတယ်ဆို စွတ်စွဲလို့  ကျောင်းသူလေး ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့သတင်းကို ဖတ်မိတော့ ရင်ထဲမှာ အတော့်ကို ဝမ်းနည်းကြေကွဲမိတယ်... ဖုန်းတလုံးနဲ့ ဘဝတခုလဲလိုက်ရတဲ့အဖြစ်... ဆရာမရဲ့လုပ်ရပ်တွေကလဲ ပြင်းထန်လွန်းလိုက်တာ... အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေကို သင်တဲ့ဆရာမဟာ ဆယ်ကျော်သက်အရွယ်ရဲ့ စိတ်အခြေအနေတွေကို လေ့လာထားသင့်တယ်... လက်လွတ်စပယ် ပြောဆို, စွတ်စွဲအရှက်ရစေတာဟာ အတော့်ကို လက်ခံလို့ မရတဲ့အဖြစ်... ကျွန်မက ဆယ်ကျော်သက်အရွယ်သားတယောက်ရဲ့မိခင်ဖြစ်နေတော့ ဒီအဖြစ်အပျက်ကို မိဘနေရာက ပူးဝင်ခံစားရင်း ကြေကွဲမိတယ်...
သားသုတက နိုင်ငံရပ်ခြားမှာ ကြီးပြင်းရသူမို့  ကျွန်မရဲ့အကြီးမားဆုံးမျှော်လင့်ချက်(အစိုးရိမ်ဆုံးလို့ လဲပြောလို့ ရတာပေါ့လေ) က လိမ္မာယဉ်ကျေးတဲ့မြန်မာအမျိုးသားလေးဖြစ်ဖို့ ပါ... ကိုယ်ချင်းစာတရား, မေတ္တာတရားတွေထားတတ်ဖို့ ပါ... ဆရာဝန်ကြီး, အင်ဂျင်နီယာကြီးတွေဖြစ်ဖို့ ကျွန်မ အဲဒီလောက် မျှော်လင့်ချက်တွေမပြင်းပြပါဘူး... လူတန်းစေ့နေနိုင်မယ့် ပညာတခုတတ်ရင် ကျေနပ်ပါပြီ... ဒါပေမယ့် နှလုံးရည်ညံ့မှာတော့ ကျွန်မစိုးရိမ်ပူပန်မိတာအမှန်ပါပဲ...
ဒီနိုင်ငံမှာ Secondary 1 က စလို့  smart phone ပေးကိုင်ရပါပြီ... ကျောင်းက communications တွေက what’s app group တွေနဲ့ အသုံးများတာကြောင့် ပေးကိုပေးရပါတယ်... ပြဿနာက အဲဒီကစပါတယ်... ဖုန်းကိုစွဲတော့တာပဲ... စကားပြောနဲလာတယ်... မိဘနဲ့ ထိတွေ့ မှုနဲလာတယ်... စက်ရုပ်ဆန်လာတယ်... သားက ကျွန်မလို multitasking သမားမဟုတ်တော့ ပိုဆိုးတော့တာပေါ့... ဖုန်းကိုင်နေရင် ဘာမှမကြား, ပတ်ဝန်းကျင်ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ... အဲဒီလိုအဖြစ်ကြီးကို ငယ်ငယ်ကလို ဖုန်းသိမ်းတဲ့နည်းနဲ့ Control လုပ်တယ်, အချိန်နဲ့ သုံးဖို့ စည်းကမ်းထားတယ်... အဲဒီမှာ သားနဲ့ ကျွန်မကြား ပြဿနာတွေ စတယ်... ဆယ်ကျော်သက်အရွယ်မှာ ထိန်းချူပ်ခံရတာကို မလိုလားတတ်ကြဘူးလေ... ခံစားချက်တွေက အဆုံးစွန်ရောက်တတ်တာ... သူ့ ဘဝကပဲ သူများတွေထက်ဆိုးနေသလိုမျိုးပေါ့... ထိန်းလေ ရုန်းလေ ဆိုတာ ကျွန်မသဘောပေါက်လာသလို ကျွန်မငယ်ဘဝကို ပြန်စဉ်းစားကြည့်မိတယ်... ဒီအခါ သားနေရာက ကျွန်မပြန်စဉ်းစားတာပါ...
ကျွန်မဟာ မိဘတွေရဲ့ပုံစံခွက်ထဲမှာ ကြီးပြင်းလာရသူပါ... အင်္ကျိအဝတ်အစားကအစ မိဘရွေးတာ ဝတ်ရတယ်... တက္ကသိုလ်ရောက်လို့ ဘာသာတွဲရွေးတာက အစမိဘစိတ်တိုင်းကျရွေးရတယ်... ကျွန်မမိဘတွေ ကျွန်မကို ဆုံးမရအခက်ဆုံးအချိန်က 2nd year အရေးအခင်းတွေ ဖြစ်တဲ့အချိန်... ကျွန်မ ၁၈နှစ်အရွယ်လောက်ကပေါ့... အာအိုင်တီသပိတ်မှာ မိဘတွေမသိအောင် အိမ်ကခိုးခိုးထွက်ပြီး သွားလှုပ်ရှားတယ်... အိမ်က သိသွားတော့ အိမ်တံခါးသော့ခပ်ပြီး ကျွန်မကို ထောင်ချသလို ထားခဲ့တယ်... အဲဒီမှာ ဆယ်ကျော်သက် ဇာတိပြတော့တာပဲ... ထိန်းလေ ရုန်းချင်လေ... အဲဒီတုန်းက ကျွန်မတို့ အိမ်က ခြေတံရှည်ပျဉ်ထောင်အိမ်လေးပါ... ပိတ်ထားတဲ့ ပြူတင်းတံခါးကနေ ကျွန်မ အောက်ကိုခုန်ချခဲ့တယ်... အတော်လေးမြင့်တာ အောက်ရောက်မှသိတယ်... ကြီးကြီးမသိအောင် ခြံတံခါးကို ကျော်တက်ပြီး အာအိုင်တီသွားဖို့  သူငယ်ချင်းအိမ်သွားခဲ့တယ်... အဲဒီမှာ စိတ်မချလို့ အိမ်ကိုလာချောင်းတဲ့အဖေနဲ့ တွေ့ တော့ ကျွန်မကို အဖေက ရိုက်နှက်အိမ်ကိုခေါ်သွားခဲ့တယ်... ကိုယ်လုပ်တာဘာမှားလို့ လဲဆိုတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ခေါင်းမာမှုမှာ မိဘနေရာက ကိုယ်ချင်းမစာနိုင်ခဲ့... ညဘက်တွေကျ လမ်းပေါ်မှာ စစ်ဖိနပ်သံတွေကြားရင် အိမ်တွေ အမှောင်ချလို့  တိတ်တိတ်လေးငြိမ်ကြရတဲ့အချိန်မှာ ကျွန်မက ကိုယ့်မျက်စိရှေ့ တင် အဖြူအစိမ်းဝတ်ကျောင်းသားလေးတွေ သေနတ်ဒဏ်ရာတွေရကုန်တဲ့မြင်ကွင်းပဲ ပြေးပြေးမြင်ပြီး နောက်ဖေးမီးဖိုချောင်က အမေအသားခုတ်တဲ့ဓားမပြေးဆွဲပြီး အိမ်ရှေ့ လမ်းပေါ်ထွက်ဖို့ လုပ်တာ... ဆယ်ကျော်သက်အရွယ်ရဲ့ တဖက်စွန်းကျတဲ့ခံစားမှု... ကျွန်မကို ဖေရယ်, မေရယ်, ကြီးကြီးရယ် ၃ယောက် ဝိုင်းချူပ်ကြရတယ်... ခုပြန်စဉ်းစားတော့ အဲဒီအချိန်က ကျွန်မမိဘတွေ ဘယ်လောက်များ စိုးရိမ်ပူပန်စိတ်ဆင်းရဲခဲ့ကြလေမလဲ... ဆယ်ကျော်သက်အရွယ်မှာ စိတ်ခံစားမှုပြင်းထန်တဲ့အခါ ဘာကိုမှမမြင်ရတဲ့ ကျွန်မအတိတ်ကို ကျွန်မပြန်ကြည့်ဖြစ်တယ်...
ကျွန်မဆယ်ကျော်သက်နဲ့ သားဆယ်ကျော်သက် ချိန်ထိုးစဉ်းစားမိတဲ့အခါ ကျွန်မက သားထက်ပိုခေါင်းမာတာတွေ့ ရတော့ သားနေရာက ကိုယ်ချင်းစာပြီး ကျွန်မစံတွေ လျော့ချပစ်ရတော့တယ်... သူဖုန်းသုံးနေတာ အန္တရာယ်ရှိတဲ့အလုပ်မှ မဟုတ်တာပဲလေလို့ ဖြေတွေးတယ်... ဖုန်းလျော့သုံးဖို့ အတင်းအကျပ်မဟုတ်တဲ့ တခြားနည်းတွေ စဉ်းစားတယ်... ဥပမာ- ကျွန်မအိမ်ရှင်းနေတုန်း သားကိုတခုခုကူခိုင်းတာမျိုး, ကျွန်မအပြင်သွားအဝတ်တွေမီးပူတိုက်နေတုန်း သားကို အိမ်နေရင်းအဝတ်တွေခေါက်ခိုင်းတာမျိုး, ကျွန်မတပတ်စာဈေးဝယ်ရင် မေမေတယောက်ထဲလေးလို့ လိုက်ခဲ့ပေးပါဆိုတာမျိုး... အဲဒီလိုတွေ ဉာဏ်သုံးပြီး ဖုန်းသုံးချိန်နဲအောင်, ကျွန်မနဲ့ စကားတွေပြောအောင် လုပ်ရပါတယ်... သားဟာ ဖုန်းနဲ့ ဝေးနေချိန်ဆို ငယ်ငယ်ကလို သိပ်ချစ်စရာကောင်းပါတယ်... အဲဒီအချိန်ဆို သူကစကားတွေ ဆက်တိုက်ပြောတတ်တယ်... သူနဲ့စကားတွေပြောမှ သူဖုန်းသုံးတဲ့အခါ စာတွေဖတ်နေတယ်ဆိုတာ သိရတယ်... ကျွန်မ မသိသေးတဲ့ trump အကြောင်းတွေကအစ AI( artificial intelligence) အကြောင်းအထိ သူနှံ့ စပ်အောင်လေ့လာထားတာ ကြားရတော့ ကျွန်မသက်ပြင်းခိုးချမိတယ်... သူစိတ်ဝင်စားတဲ့အကြောင်းအရာတွေမဆိုးသေးဘူးပေါ့...
ဆယ်ကျော်သက်အရွယ်မှာ တခါတလေ လက်ခံလို့ ကို မရတဲ့ခေါင်းမာမှုတွေကလဲ အများသား... မနှစ်က စာမေးပွဲတခုမှာ ကျွန်မကို timetable မပြ... သူမဖြေရသေးဘူးထင်လို့  ကျွန်မက သတိပေးတော့မှ ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ မေမေလို့ ပြောတော့ ကျွန်မအတော်လေးကို ဒေါသထွက်မိတယ်... စာတလုံးမှမဖတ်ပဲ သွားဖြေတဲ့စာမေးပွဲကျပြီ, သွားပြီလို့ ကျွန်မတွက်ခဲ့တာ... result ထွက်လာတော့ ပြုံးဖြီးဖြီးနဲ့ လာပြောတယ်... မေမေ သားအတန်းထဲမှာ Maths နဲ့  physics အများဆုံးတဲ့... ကျွန်မအတော်လေးအံ့သြသွားပြီး ကျက်စာတွေအောင်လားဆိုတော့ အကုန်အောင်တယ်တဲ့... တခါတလေ ကိုယ့်ရဲ့စိုးရိမ်ပူပန်မှုတွေကပဲများနေသလားတွေးမိပြီး သားကိုလေပြေလေးနဲ့ ပြောရတယ်... စာမကျက်ပဲနဲ့ တောင် ဒီလိုဆို စာလေးသာပုံမှန်လုပ်ရင် အမှတ်တွေဒီထက်ပိုကောင်းမှာပေါ့သားရယ်လို့ ...
ကျွန်မက နူးညံ့ပျော့ပြောင်းချိုချိုသာသာထဲက မဟုတ်ပါဘူး... ဒါပေမယ့် ဆယ်ကျော်သက်အရွယ်မှာ သတိထားရတဲ့အချက်တွေက စကားနားမထောင်တိုင်း စိတ်လက်မာန်ပါ မရိုက်မိဖို့ ရယ်, သူများနဲ့ နှိုင်းယှဉ်မပြောမိဖို့ ရယ်, လူ့ ရှေ့ သူ့ ရှေ့ မှာ သူအရှက်ရစေတဲ့အကြောင်းအရာတွေ မပြောမိဖို့ ရယ်, ပြီးတော့ သူ့ privacy မထိခိုက်မိဖို့ ရယ်ပါ... သူတို့ အရွယ်က ထိလွယ်ရှလွယ်ခံစားလွယ်မို့ အတော်လေးသတိထားရပါတယ်... ထိန်းတော့ထိန်း မသိမသာထိန်းဆိုပြီး ကျွန်မကိုယ်ကျွန်မပဲ ခဏခဏပြန်သတိပေးရပါတယ်...
မိဘတွေဆီက လွတ်မြောက်ပြီ, လူကြီးဖြစ်ပြီဆိုတာ ပြချင်တော့ ကျောင်းလိုက်ပို့ တာလဲမခံချင်သလို , လမ်းလျှောက်လို့ လက်လေးတွဲ, ပုခုံးလေးဖက်တာတောင် မခံချင်တော့ပါဘူး... ဒါက လူ့ ရှေ့ သူ့ ရှေ့ မို့ ပေမယ် မနက်ခင်း သူ့ အဖေကားမောင်းပြီး ကျောင်းပို့ တဲ့အခါ ကျွန်မက မေတ္တာသုတ်လေးရွတ်ပေးရင် ခေါင်းလေးထိုးခံပြီး ကားပေါ်ကဆင်းလို့ နဖူးလေးနမ်းရင် ကျေနပ်နေတတ်ပြန်ရော... ခုထိကျွန်မနဲ့ တခန်းထဲအိပ်တုန်းပါ... ပြောချင်တာက ဆယ်ကျော်သက်စိတ်လေးတွေဟာ ဟိုမရောက် ဒီမရောက်နဲ့ တခါတခါ သံပုရာသီးလေးဖြစ်လိုက် တခါတခါပန်းသီးလေးဖြစ်လိုက်နဲ့  ကိုင်တွယ်ရအတော်လက်ပေါက်ကပ်တဲ့အရွယ်ပါ...
ဒီအရွယ်မှာ မိဘတွေသတိထားရမယ့် အရေးကြီးဆုံးအချက်ကတော့ အရှက်ရစေမယ့်စကား, အပြုအမူမပြောမိအောင်, မလုပ်မိအောင်နဲ့  စိတ်ဖိစီးမှုသိပ်မပေးဖြစ်အောင်ပါ... သူတို့ ခံစားမှုအတိမ်အနက်ဟာ ခန့် မှန်းရအရမ်းခက်ပါတယ်... ကျောင်းကဆရာ,ဆရာမနဲ့ သူငယ်ချင်းတွေရဲ့ဆက်ဆံရေးတွေလဲ အမြဲမပြတ်သတိထားမိဖို့ လိုပါတယ်... ကျွန်မအစချီခဲ့တဲ့ ကြေကွဲစရာသတင်းထဲက ဆရာမနဲ့ ကျောင်းသူလေးရဲ့ဆက်ဆံရေးမှာ ဒီအဖြစ်ဆိုးကြီးမတိုင်မှီ မပြေလည်ခြင်းတွေ, နှိမ်ချဆက်ဆံခြင်းတွေရှိနေမယ်လို့  ကျွန်မသံသယဖြစ်မိတယ်... ကျွန်မတို့ ဆယ်ကျော်သက်ရင်သွေးလေးတွေရဲ့လုံခြုံရေးဟာ မိဘ, ဆရာတွေရဲ့ ကိုင်တွယ်တတ်မှုပေါ်မှာ အရမ်းမူတည်တာကြောင့် ဒီpost လေးနဲ့ ကိုယ့်ကိုယ်ကိုလဲ သတိပေးရင်း ကျွန်မနဲ့ ဘဝတူမိဘတွေကိုလဲ ချစ်ခြင်းအားဖြင့် သတိပေးပါရစေနော်...။
တန်ခူး
9:51am
8-Feb-2018
Wednesday, February 7, 2018
Debate vs Quarrel
ခုတလော facebook ကြည့်လိုက်ရင် live အပြန်အလှန်တိုက်ပွဲတွေ ဟိုက ဒီက share ကြတာ တွေ့ ရတယ်... သားနဲ့ အခန်းထဲမှာ နားနေတုန်း ဘာတွေလဲဆို ဖွင့်ကြည့်လိုက်တော့ ဘာမှန်းတောင်မသိသေး ညစ်ညမ်းတဲ့အဆဲတွေ ဆက်တိုက်ကြားရတော့ သားက လှမ်းမေးတယ်... ဘာတွေလဲမေမေတဲ့... အမြန်ဆုံးပိတ်လိုက်ရတယ်... အယူအဆတွေ ကွဲလွဲလို့ ရပါတယ်... အတွေးအခေါ်တွေကွဲလွဲလို့ ရပါတယ်... ကိုယ့်အယူအဆ, အတွေးအခေါ်ကို သူများကလက်ခံစေချင်ရင် လက်ခံနိုင်ဖို့ ပြောတတ်အောင်လေ့ကျင့်ပါ... ဆဲခြင်းဘာသာဗေဒနဲ့ ပြောရင် လက်မခံတဲ့အပြင် အရင်က ကိုယ့်လက်ခံတဲ့သူတွေတောင် လက်မခံတဲ့အခြေအနေဖြစ်သွားတတ်ပါတယ်... ဆဲမှ အနိုင်ရတာ မဟုတ်ပါဘူး... ကိုယ်ပြောချင်တဲ့အချက်ကို အသေအချာထိထိမိမိသူများလက်ခံလာအောင် ပြောတတ်မှ ပညာပါ...
ကျွန်မကိုယ်တွေ့ အဖြစ်အပျက်လေးပြောပြရရင် ကျွန်မငယ်ငယ်က ရပ်ကွက်ထဲမှာ အရမ်းကစားချင်ဆော့ချင်တယ်... စည်းကမ်းကြီးတဲ့မိဘတွေက တချို့ ကလေးတွေဆဲသံကြားရတော့ ခွင့်မပြုဘူး... အဆော့အကစားသန်တဲ့ကျွန်မ အတင်းပူဆာတော့ မေမေက ကတိတခုတောင်းတယ်... သူများဆီက အဆဲတွေကူးမလာပါဘူးဆို ကစားတဲ့... မေမေ့ကို ကတိပေးခဲ့တယ်... တကယ်သွားဆော့တော့ ကစားလို့ ရှုံးရင် အဆဲနဲ့ အနိုင်ယူကြတယ်, အဆဲနဲ့ ငြင်းခုန်ကြတယ်... အဲဒီမှာ မဟုတ်မခံကျွန်မက ကိုယ်လဲမှန်နေပါလျက် နေရင်းထိုင်ရင်း အဆဲချည်းခံနေရတော့ စဉ်းစားတယ်, ဘယ်လိုအထိရောက်ဆုံးနည်းနဲ့  တုန့် ပြန်မလဲ... ကစားပွဲမှာ ကိုယ်ကနိုင်နေပါလျက်နဲ့  အဆဲခံထိ မစိုးလို့  အရှုံးပေးပါတယ်လို့  ပြောလိုက်ရတာကို ကလေးပီပီမခံချင်... ဒီမှာ အဆဲမပါပဲ, ရိုင်းစိုင်းတဲ့စကားလုံးမပါပဲ ကိုယ်မှန်တယ်ဆိုတာကို ချက်ကျလက်ကျ, ရဲရဲဝံ့ဝံ့ပြောတတ်အောင်ကြိုးစားခဲ့တယ်... အဆဲမပါပဲ ကျွန်မငယ်ဘဝရပ်တည်နိုင်ခဲ့တယ်... နောက်ပိုင်း ကျွန်မနဲ့ကစားရင်း ဆဲရမှာတောင် သူတို့ ဝန်လေးလာတယ်... သဘာဝတရားကိုက ဆိုးတာနဲ့ ကောင်းတာ ကောင်းတာကို ပိုလုပ်ချင်ကြတာပါ...
မနှစ်က ကျွန်မ ဧရာဝတီတိုင်း ဒါးက, ဝက်ထိုးနဲ့ ပုသိမ်က ကလေးတွေအတွက် educational event လေးလုပ်ခဲ့တဲ့အခါ debate program လေးထည့်ခဲ့တယ်... အရမ်းအားရစရာကောင်းပါတယ်... ခေါင်းစဉ်က "အလွတ်ကျက်သင့်, မကျက်သင့်"တဲ့... ကလေးတွေ debate concept ကိုနားလည်ကြတယ်... ကိုယ်ယုံကြည်ရာကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့  သေချာ ပြောနိုင်ကြတယ်... ဒေါသမပါဘူး... အရမ်းအားရစရာကောင်းပါတယ်...
ကျွန်မ ရေးခဲ့ဖူးတဲ့ Debate vs. Quarrel ဆိုတဲ့စာလေးပြန်တင်ပေးလိုက်ပါတယ်... ကိုယ့်ယုံကြည်ချက်, ရပ်တည်ရာကို ယဉ်ကျေးစွာရပ်တည်နိုင်ကြပါစေ...
Debate vs. Quarrel
==============
ပုဂံနဲ့ ပတ်သက်ပြီး ကျွန်မတို့ နိုင်ငံရဲ့ အရင်က အတော့်ကိုနာမည်ကြီးတဲ့ အာဏာရှင်တယောက်နဲ့  အင်တာဗျူးကို ကြည့်မိတော့ မနေ့ က သားနဲ့  ကားပေါ်မှာ ဆွေးနွေးဖြစ်တာလေး သွားသတိရတယ်...
"မေမေ... တကယ်ဆို အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းပိုက်လိုက်တာ အရမ်းကောင်းတာနော်" တဲ့... သားစကားကို စိတ်ဝင်စားသွားတာကြောင့် ဘာလို့ လဲလို့ မေးတော့ သားကပြန်ဖြေပါတယ်... "ဘုရင်စနစ်က အာဏာရှင်စနစ်... ဘုရင်သေရင် ဘုရင့်သားက smart မဖြစ်လဲ ဘုရင်ပြန်ဖြစ်တယ်လေ... တကယ်လို့  အင်္ဂလိပ်မသိမ်းခဲ့ရင် ဘုရင်စနစ်ဆက်ရှိနေမှာပေါ့" တဲ့... ကျွန်မပြန်ဖြေပါတယ်... အင်္ဂလိပ်မသိမ်းလဲ ကိုယ့်ဘာသာဖြုတ်ချလို့ ရမှာပေါ့သားရဲ့... သိမ်းပိုက်တဲ့စနစ်ကလဲအရင်းရှင်ကိုလိုနီစနစ်ပဲလေဆိုတော့... သားက ကျွန်မအရမ်းသဘောကျတဲ့အဖြေတခုပြန်ဖြေပါတယ်..."sudden change ဘယ်ဟုတ်ပါ့မလဲမေမေတဲ့... ဖွားဖွားစုအုပ်ချူပ်နိုင်ဖို့  အကြာကြီးအချိန်ယူခဲ့ရတယ်မိုလား"တဲ့... ကျွန်မသဘောကျမိတယ်ဆိုတာ သားရဲ့logical thinking လေးကိုပါ... ဘုရင်ရဲ့တသွေးတသံတမိန့် စနစ်ဆိုးကို ကြောက်ရွံ့ ပြီး အပြောင်းအလဲprocess ကြာမယ်လို့ သူတွေးလိုက်တာ... "ဖွားဖွားစုလို အကြောက်တရားကင်းအောင် လူတွေကို inspire လုပ်ပေးနိုင်မယ့်ခေါင်းဆောင်ရှိရင် အာဏာရှင်စနစ်ဆိုတာ ပြိုလဲမှာပါပဲသားရယ်" လို့  ကျွန်မဖြေခဲ့တယ်...
ကျွန်မပထမအစမှာ ပြောခဲ့တဲ့ အင်တာဗျူးကို ကျွန်မက အာဏာရှင်ဟောင်းကြီးနဲ့  အင်တာဗျုးတဲ့ညီမလေး ဦးနှောက်စီးချင်းထိုးပွဲလို့  မြင်မိတယ်... ပုဂံဘုရားတွေကို ပြုပြင်သင့်မပြုပြင်သင့် ဆွေးနွေးကြတယ်... အာဏာရှင်ဟောင်းကြီးက ပြုပြင်သင့်တယ်ဆိုတဲ့ဘက်က... အင်တာဗျူးတဲ့ညီမလေးက မပြုပြင်သင့်ဘူးဆိုတဲ့သူတွေကိုယ်စား သဘောကိုမေးတာပါ... အာဏာရှင်က debateနဲ့ စတာပါ... ဒါပေမယ့် ညီမလေးရဲ့မေးခွန်းတွေကို သူdebate ပြန်မလုပ်နိုင်တော့ ဒေါသပါလာတယ်... တကယ်ဆို သူ့ မှာ debate လုပ်နိုင်တဲ့ ability သာရှိရင် သူတည်ငြိမ်စွာနဲ့  တုန့် ပြန်ပြီး အရမ်းလှတဲ့ အင်တာဗျူးလေးဖြစ်လာမှာပါ... အဆုံးမှာတော့ အာဏာရှင်ကြီးက ဉာဏ်ပညာမပါတဲ့ quarrel ရန်ထောင်ခြင်းနဲ့  အဆုံးသတ်သွားတယ်... အသက်ငယ်ပေမယ့် အကြောက်တရားကင်းစွာ အင်တာဗျူးဆုံးတဲ့အထိ တည်တည်ငြိမ်ငြိမ်မေးသွားတဲ့ ညီမလေးကို ချီးကျူးမိတယ်...
ကျွန်မဇွန်လက မော်လမြိုင်နည်းပညာတက္ကသိုလ်ကို educational event လေးသွားခဲ့တော ကျွန်မတို့ ရဲ့စီနီယာကြီးအန်ကယ်ဦးဝင်းထိန်ဦး ကလေးတွေဆရာတွေကိုမေးခဲ့တဲ့ မေးခွန်းလေး သွားသတိရတယ်... ကျပန်းစကားပြောပွဲတို့  စကားရည်လုပွဲတို့ အတွေ့ အကြုံရှိလားတဲ့... ကလေးတွေမှာ အဲဒီအခွင့်မရှိခဲ့ပါဘူး... တကယ်တော့ရှိသင့်ပါတယ်... အာဏာရှင်ခေတ်မှာ မပြောရဲမဆိုရဲအောင် ပါးစပ်တွေအပိတ်ခံခဲ့ရတော့ အဲဒီကောင်းတဲ့ အလေ့အကျင့်လေးတွေ ပျောက်ကုန်တာပါ... တကယ်တော့ ပြဿနာတခုကို အဖြေရှာကြတဲ့အခါ debate နည်းကို သုံးမှ အကောင်းဆုံးအဖြေရမှာပါ... Quarrel ဘက်ရောက်သွားရင်တော့ မတရားအနိုင်ရဖို့  အပြင်းထန်ဆုံးစကားလုံးတွေ...အရိုင်းဆုံးစကားလုံးတွေသုံးနှုန်းပြီး ကိုယ်အနိုင်ရဖို့ လူတဘက်သားကို ချိုးနှိမ်ပြောဆိုတဲ့ personal attack အသွင်ပြောင်းပြီး နဂိုဆွေးနွေးတဲ့ ရည်ရွယ်ချက်ပျောက်ကုန်တာအမှန်ပါ... ခုနကျွန်မပြောပြတဲ့ အင်တာဗျုးခံရတဲ့ အာဏာရှင်ကြီးလိုလေ...
ကျွန်မတို့ တိုးတက်ခေတ်မှီတဲ့ခေတ်ကြီးမှာ လူဖြစ်နေကြတဲ့အခါ ကိုယ့်အမြင်ကိုယ့်အတွေးကို ဦးနှောက်ဉာဏ်ပညာသုံးပြီး အဆင့်အတန်းရှိစွာ တုန့် ပြန်တတ်ဖို့ အရေးကြီးပါတယ်... Physical ကိုအားကိုးတုန့် ပြန်သတ်ကြတယ်ဆိုတာ ခုခေတ်မှာ ရာဇဝတ်မှုဆိုတဲ့ဥပဒေနဲ့  တားမြစ်ထားပါပြီ... ကိုယ်အနိုင်ရချင်ဇောနဲ့ လူတဘက်သား ဂုဏ်သိက္ခာကို ထိပါးပြောဆိုတာကိုလဲ အသရေဖျက်မှုဆိုတဲ့ ဥပဒေနဲ့ တားမြစ်ထားတဲ့ခေတ်မှာ quarrel နဲ့  personal attack ဆိုတာ လုပ်တဲ့သူတွေ ရှက်စရာကောင်းတာ အမှန်ပါပဲ...
အကောင်းဆုံးဥပမာပြရရင် ကျွန်မတို့  တိုင်းပြည်အမေအမေစုဆိုရင် world media မှာ နာမည်ကြီး interviewer တွေတောင် လက်ဖျားခါအောင် ဖြတ်ထိုးဉာဏ်ကောင်းလွန်းပြီး အဖြေတိုင်းကို အကောင်းမွန်ဆုံးနဲ့  အဆင့်အတန်းအရှိဆုံးဖြေဆိုနိုင်သူပါ... အမေဘယ်တော့မှ သူတပါးကို တိုက်ခိုက်ဖြေဆိုတာမျိုးမရှိခဲ့ပါဘူး...
တိုးတက်တဲ့တိုင်းပြည်တွေမှာ debate association, debate competition တွေနဲ့  မျိုးဆက်သစ်တွေကို proper debate လုပ်နိုင်အောင် ပြုစုပျိုးထောင်ကြပါတယ်... ကျွန်မတို့  တိုင်းပြည်ကြီး ရွေ့ နေပါပြီ... အကူးအပြောင်းကာလမှာ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေလဲ အာရုံစူးစိုက်လာကြပြီ... ရင်းနှီးမြှပ်နှံလာကြပါပြီ... ကျွန်မတို့ မြန်မာပြည်ဟာဖော်ရွေရင်းနှီးတတ်တဲ့ နှလုံးရည်မြင့်မားတဲ့သူတွေနေထိုင်ကြတာပါ... ဒီတော့ စကားအပြောအဆိုမှာလဲ နိုင်ငံတကာနဲ့  ရင်ဘောင်တန်းနိုင်အောင် ဆဲရေးတိုင်းထွှာခြင်း, သူတပါးကိုယ်ရေးကိုယ်တာထိခိုက်ခြင်းတွေ ရှောင်ရှားပြီး အဆင့်အတန်းရှိစွာနဲ့  ပြောဆိုကျင့်ကြံနေထိုင်ကြပါစို့ လို့  တိုက်တွန်းပါရစေရှင်...
(စာကြွင်း : ကျွန်မအဖေရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ရှေ့ နေပါ... သူ့ ဝါသနာနဲ့ သူ့ personality ပါကိုက်လွန်းလို့ သူရွေးခြယ်ခဲ့ပြီး ခုအသက်၇၀ကျော်တဲ့အထိ မြတ်မြတ်နိုးနိုးလုပ်နေတုန်းပါ... ကျွန်မက အဖေသွေးပါတယ်လို့ ဆိုရပါမယ်... Debate လုပ်ရတာကို နှစ်ခြိုက်ပါတယ်... ဒါပေမယ့် တဘက်က ရန်ဖြစ်တဲ့အသွင်ဆောင်သွားရင် ကျွန်မဆက်ဖြစ်လေ့မရှိပါဘူး... ကျွန်မရည်ရွယ်ချက်အပျောက်မခံနိုင်လို့ ပါ... ရန်ဖြစ်ခြင်းဖြင့်အနိင်ယူခြင်းကို အနိုင်လို့ ကျွန်မမသတ်မှတ်ပါဘူး... Abuse လို့ ပဲသတ်မှတ်ပါတယ်)
တန်ခူး
4:15pm
7-Feb-2018
Saturday, February 3, 2018
ကမောက်ကမ
ကိုယ့်တိုင်းပြည်မြေနင်းလိုက်တာနဲ့  နွေးနွေးထွေးထွေး ခံစားမှု သူ့ အလိုလို ရင်ထဲရောက်လာစမြဲ... ဒီတခါ အလုပ်ကိစ္စနဲ့ ဆိုတော့ ခေါင်းထဲမှာ လုပ်စရာတွေ တစီတတန်းနဲ့  စိတ်ဖိစီးမှုတွေရှိပေမယ့် ဒီမြေဒီရေ ရောက်တာနဲ့ တင် အားအင်တွေက ပြည့်ဖြိုးလာမြဲ...
ဒီနေ့ လေယဉ်ပေါ်တက်တော့ ကိုယ့်စိတ်ထဲ လေယဉ်များမှားစီးသလား သံသယတောင်ဝင်မိတယ်... ကိုယ့်ဘေးပတ်ပတ်လည်မှာ စလုံးတရုတ်မဟုတ်တဲ့ ပြည်ကြီးတရုတ် သို့ မဟုတ် ဟောင်ကောင်တရုတ်လူမျိုးတွေချည်း... ဒီအချိန်ဟာ holiday season မဟုတ်တာကြောင့် သူတို့ လဲ ကိုယ့်လို အလုပ်ကိစ္စနဲ့  လာကြတာပဲဖြစ်မှာပါလို့ တွေးပြီး လေယဉ်မူးတတ်တဲ့ကိုယ် သောက်ထားတဲ့ဆေးအရှိန်နဲ့  အိပ်ပျော်သွားခဲ့တယ်...
ကမောက်ကမက လေယဉ်ဆင်းပြီး immigration မှာစတယ်... Myanmar National မြန်မာနိုင်ငံသားများဆိုတဲ့ စီတန်းမှာ စီိလိုက်တော့လဲ တရုတ်တွေချည်း... ဖုန်းကဒ်လဲဖို့  tool လေးမေ့ခဲ့လို့  ငှားမယ်ကျန်ကြည့်တော့ နဘေးကလူက တရုတ်လိုအကျယ်ကြီးပြောနေတာကြားရတယ်... သူတို့ ဘာလို့  မြန်မာနိုင်ငံသားဆိုတဲ့စီတန်းထဲရောက်နေတာလဲလို့  ကိုယ်စပ်စုကြည့်မိတယ်... ဟိုဘက်စီတန်းရှေ့ ဆုံးက အမျိုးသမီးကို immigration အရာရှိက စီတန်းမှားတယ်လို့  ပြောလိုက်တော့ အမျိုးသမီးက သူ့ အဖော်အမျိုးသားကို ပြောလိုက်ပြီး သက်ဆိုင်ရာစီတန်းနောက်နားမှာသွားစီတယ်... အမျိုးသားက သိသိလျက် ဆက်စီနေတယ်... ခုနဖုန်းပြောနေတဲ့ ကိုယ့်နဘေးက လူရဲ့passport ကို ကိုယ်စပ်စုလိုက်တယ်... အိုး.. အနီရောင် passport ... ကိုယ်နဲ့ တပုံစံထဲ... သေချာတာက သူဟာ မြန်မာစကား တလုံးမှတတ်ပုံမရ... မြန်မာပြည်က တရုတ်လူမျိးတွေ (အကုန်လို့ တောင်ပြောလို့ ရတယ်) မြန်မာစကားကို ပြောတတ်ကြပါတယ်... ဒီလူ့အရွယ်ကလဲ ကိုယ်နဲ့ မတိမ်းမယိမ်း... ချက်ချင်းလက်ငင်း အုံဖွဆို မြန်မာနိုင်ငံသားဖြစ်သွားလေသလား...
ဟိုတလောက ရန်ကင်းက golden City မှာ ကိုယ်တို့ အခန်းလေး decorate လုပ်ဖို့ ရောက်တော့ အဲဒီမှာ လုပ်နေတဲ့အလုပ်သမားတွေ မြန်မာလိုမပြောတတ်တဲ့ တရုတ်လူမျိုးတွေ... သူတို့ ဘယ်လိုနေခွင့်နဲ့ နေထိုင်လဲစိတ်ဝင်စားမိသလို တချိန်ထဲ စိတ်ထဲ ခိုးလို့ ခုလုဖြစ်မိတယ်... ဒီလောက်ကြီးမားတဲ့project ကြီးတခုမှာ ကိုယ့်နိုင်ငံသားတွေ အတွက် အလုပ်အခွင့်အလန်းတွေ အများကြီးရနိုင်တဲ့နေရာတခုမှာ အလုပ်သမား80% လောက်က မြန်မာစကားမတတ်သူတွေ... သူတို့ passport ကရော ဘာရောင်တွေဖြစ်မလဲ... စဉ်းစားနေမိတယ်...
ငွေ သိန်း၄၀၀၀ အလိမ်ခံလိုက်ရတဲ့ သူငယ်ချင်းဇနီးမောင်နှံ တရားခံဖမ်းမမိလို့ စိတ်ပင်ပန်းနေကြတယ်... ဖမ်းရမယ့်ရဲက တရားခံကို ထွက်ပြေးဖို့ ကြိုအကြောင်းကြားသတဲ့... ဦးလေးလို ခင်ရတဲ့ အန်ကယ်ဦးကိုနီကို ဘယ်သူသတ်သလဲ... ဒီတိုင်းပြည်ကြီးထဲမှာနေပြီး ကိုယ့်အိမ်ကိုယ်မီးနဲ့ ရှို့ နေတာက passport အနီကိုင်ထားတဲ့ မြန်မာနိုင်ငံသားတွေလား, ဒါမှမဟုတ် ခြစားနေတဲ့စိတ်ဓါတ်တွေနဲ့  ရာစုနှစ်ပေါင်းများစွာ စနစ်ဆိုးဒဏ်ကိုခံရတဲ့ ကြိမ်စာသင့်သူတွေလား....
ကိုယ့်တိုင်းပြည်ကြီးက ဘာနဲ့ တူသလဲဆိုတော့ အိတ်ပေါက်နဲ့ ဖားကောက်နေရသလိုပါပဲ... အမေ့ခမျာ ဟိုယိုပေါက်ဖာရ, ဒီယိုပေါက်ဖာရနဲ့  နားရတယ်ကိုမရှိရှာဘူး... ဒီကြားထဲ အာဏာရှင်စနစ်ကို ပြန်အသက်သွင်းချင်သူတွေကလဲ အချိန်ပြည့်ကြိုးစားလို့ ... အမေ့ကိုသနားတယ်လို့ အော်နေတဲ့ ကိုယ်ကျရော ဘာအသုံးကျသလဲ... တကယ့်ကို ကမောက်ကမနဲ့ ....
ကိုယ့်ပစ္စည်းယူပြီး ထွက်လာတော့ လေဆိပ်အထွက်မှာ ဟိုအထုတ်အတင်းယူသယ်, ဒီအထုတ်အတင်းယူသယ်သူတွေနဲ့  ခုနက မြန်မာစကားမပြောတတ်သူတို့  ဘာသာစကားတွေရဲ့ ကမောက်ကမကြားမှာ...
ဘာပဲဖြစ်ဖြစ်< br/ > အမုန်းများရပ်
ချစ်ကြပါ
အမေမောလှပါပြီလေ....။
တန်ခူး
9:46pm
22-Jan-2018
ပွဲဈေးတန်းချစ်သူ
ပွဲဈေးတန်းတွေ့ လိုက်တာနဲ့  ရင်ခုန်လှုပ်ရှား ပျော်မြူးသွားတတ်တာ ဟိုးငယ်ငယ်လေးကတည်းကနေ ဒီနေ့ ထက်ထိပါ။ ကျွန်မတို့ ငယ်ငယ်က ပွဲဈေးတန်းတွေက အများသား။ သင်္ကြန်, သီတင်းကျွတ်, တန်ဆောင်တိုင် စသဖြင့် ရာသီအလိုက်ပွဲတွေရှိသလို လွတ်လပ်ရေးပွဲ, စာပေဟောပြောပွဲ တွေကအစ ရပ်ကွက်ထဲက ကုလားဘုရားမီးနင်းပွဲအထိ ပွဲဈေးတန်းတွေရှိတတ်တယ်။ ရပ်ကွက်သူကျွန်မက ညနေစောင်း ပွဲဈေးတန်းလေး စအသက်ဝင်တာနဲ့  စုဗူးလေးတောင် ဖောက်ပြီး ဈေးတန်းထဲရောက်တတ်သူ။
ပွဲဈေးတန်းဆိုတာကလဲ အမျိုးအမည်က အစုံသား။ ဈေးလေးတွေက အပေါသား။ စားစရာတွေကလဲ အများသားမိုလား။ ပွဲဈေးတန်းအစက ဝယ်စားသွားတဲ့ အုန်းသီးနိုင်နိုင်နဲ့ ကောက်ညှင်းကျည်ထောက်ကလေးက ပွဲဈေးတန်းအလယ်တောင် မရောက်သေး ဟိုငေးဒီငေးရင်း စားတော့ ကုန်သွားတတ်တယ်။ ကလေးအရွယ်က ပွဲဈေးတန်းပတ်ရင် ကိုယ်စိတ်ဝင်စားတဲ့ဆိုင်ဆို ထိုင်တောင်ငေးနေတတ်တာမျိုး။ ဂျူံလေးတွေနဲ့  အရုပ်မျိုးစုံလုပ်ရောင်းတဲ့ဦးလေးကြီးနားဆို ကျွန်မတို့ ကလေးတွေ အုံငေးနေတတ်တယ်။ မျောက်ကလေး, ဆင်ကလေး, ကြောင်ကလေး, နဂါးကလေးစသဖြင့် ဦးလေးကြီးလက်နဲ့ ကျွမ်းကျင်စွာ လုပ်တဲ့အရုပ်ကလေးတွေကြည့်ုပြီးမှ ကိုယ်လိုချင်တဲ့အရုပ်ကလေးဝယ်တတ်တာ။ ကျွန်မကတော့ မင်းသမီးအရုပ်ကလေးဝယ်လေ့ရှိတယ်။
လက်ထဲကမုန့် ပြတ်တော့ မုန့် လင်မယားထပ်ဝယ်စားရင်း ရဟတ်စီးဖို့ တန်းစီ။ အမြင့်ကြောက်တဲ့ကျွန်မအတွက် ပွဲဈေးတန်းက ရဟတ်လောက်သာ စီးရဲတော့အတော်ပေါ့။ ပြီးတော့ ဒန်အိုးဒယ်ခွက်ကစားစရာလေးတွေရောင်းတဲ့ဆိုင်မှာ စိတ်ကြိုက်ရွေးဝယ်ပြီး လက်နဲ့ လှည့်တဲ့ကူဖီးလ်ကို ဘာဘူကြီးဆီကဝယ်စားတယ်။ မိုးပျံဗူပေါင်းလှလှလေးတလုံးဝယ်ပြီးတဲ့အခါ ပါလာတဲ့ပိုက်ဆံလဲကုန်ပြီမို့  ကျေနပ်ပျော်ရွှင်စွာနဲ့ အိမ်ပြန်။ ခုပြန်စဉ်းစားတော့ ငယ်ဘဝကတည်းက ပွဲဈေးတန်းလေးနဲ့ က အတော့်ကိုနေသားကျလာခဲ့တာ။
ဒီနိုင်ငံရောက်လာတော့ အိမ်ပြန်ရောက်တိုင်း ပွဲဈေးတန်းတွေ့ ရင် မနေနိုင် ပတ်ဆဲ, ပတ်မြဲ။ ဖေကတော့ အပျိုဖြစ်တဲ့အရွယ်ကစလို့  ဒီနေ့ ထက်ထိ ပွဲဈေးတန်းပတ်တာမကြိုက်။ ညီမ၂ယောက် ပွဲဈေးတန်းသွားရင် ဖေကဆူပြီ။ ပြီးခဲ့တဲ့အခေါက်က တိုက်တိုက်ဆိုင်ဆိုင် ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ ပွဲဈေးတန်းနဲ့ ကြုံတော့ ပွဲဈေးတန်းပတ်ရင်း ရပ်ကွက်စတိတ်ရှိုးလဲငေးခဲ့သေးတယ်။ ရပ်ကွက်ဥက္ကဌက အိမ်ချင်းကပ်ရက်မို့  စင်နံဘေးမှာ မတ်တပ်လေးငေးနေတဲ့ ကျွန်မတို့ ၂ယောက်တွေ့ တော့ ရှေ့ ဆုံးတန်းမှာနေရာပေးတယ်။ ကျွန်မလောက် ရပ်ကွက်အရေမထူတဲ့ ကျွန်မညီမက သူထိုင်နေကျ ဆေးခန်းက လူနာတွေ တွေ့ သွားမှဖြင့်ဆို ရှက်နေတဲ့အချိန် ကျွန်မကတော့ မခံစားရတာကြာတဲ့ လွတ်လပ်တဲ့အရသာကို ခံစားရင်း အရမ်းနှစ်သက်တဲ့ မျိုးကြီးရဲ့ "သူစိမ်းတယောက်ပါ" သီချင်းကို ပီပီပြင်ပြင်ဆိုသွားနိုင်တဲ့ ရပ်ကွက်ထဲက ရွက်ပုန်းသီးလေးကို ဥက္ကဌက တဆင့်ဆုချလိုက်သေးတာ။ အိမ်ပြန်ရောက်တော့ မအိပ်ပဲစောင့်နေတဲ့ဖေ့ကို သူကြိုက်တဲ့ ထန်းသီးဆံပေးရင်းချော့ရတယ်။
ဒီတခေါက်ပြန်တော့ ဘုရားပွဲ၂ပွဲနဲ့ တိုးတော့ အလုပ်တွေမအားတဲ့ကြားထဲက ပွဲဈေးတန်းတွေ့ ရင် မနေနိုင်လို့ သွားခဲ့သေးတယ်။ ဥက္ကလာပ ဘုရားပွဲနဲ့ ကျိုက္ကဆံဘုရားပွဲပါ။ ကျိုက္ကဆံဘုရားပွဲက ပိုလို့ စည်ကားလွန်းလှတယ်။ မုန့် မျိုးစုံကအစ အဝတ်အစားအလယ် တက်တူးဆိုင်အဆုံး အကုန်ရှိတယ်။ လူတွေက ကြိတ်ကြိတ်တိုး။ ရွှေမန်းသဘင်ကလဲ ခြိမ့်ခြိမ့်သဲ။ ကလစ်တွေ, နားကပ်တွေစုံစီနဖာရောင်းတဲ့ဆိုင်မှာ ကျွန်မညီမကငေးတတ်သလို စာအုပ်ဟောင်းတွေရောင်းတဲ့ဆိုင်မှာ ကျွန်မငေးတတ်တယ်။ ငယ်က အရမ်းနှစ်သက်တဲ့ ကပ်စေးနှဲဒုတ်ထိုးရောင်းတဲ့ဆိုင်တွေ့ တော့ အားရပါးရသွားတုန်း ဗြုန်းကနဲဆို တုတ်တုတ်ကြီးခွေနေတဲ့ မြွေကြီး၂ကောင်တွေ့ တော့ ညီမ၂ယောက် အလန့် တကြားအော်မိကြတယ်။ ကျွန်မတို့ ငယ်ငယ်ကလို မြွေကြီးတွေပြတဲ့ဆိုင်တွေရှိတုန်းလေ။ ကပ်စေးနဲစားရင်း ခပ်လှမ်းလှမ်းလာတော့ ပင်နီတွေနဲ့ ကျွန်မတို့ သင်္ကန်းကျွန်း NLDရဲ့ဈေးရောင်းပွဲကိုတွေ့ ရတယ်။ ကျွန်မညီမက ချင်းပုတီးလေးတွေငေးတုန်း ကျွန်မက စာအုပ်လေးတွေ ဝယ်ဖြစ်တယ်။ 2015 ရွေးကောက်ပွဲက ကိုယ့်နယ်မြေအတွက် လော်ဘီလုပ်ခဲ့တဲ့ လူငယ်အမတ်လေးနေဘုန်းလတ်က သူ့ စာအုပ်လေးမှာ အမှတ်တရလက်မှတ်ထိုးပေးတယ်။ စာအုပ်လေးတွေရပြီး ကြွက်အစစ်နဲ့ တူတဲ့ကြွက်ရုပ်ဆိုင်လေးတွေ့ တော့ သားသုတအတွက် ကြွက်မဲလေးဝယ်။ ခပ်လှမ်းလှမ်းရောက်တော့ တူမလေးခင်ခေတ်သာအတွက် ဒန်အိုးပုတ်လေးတွေဝယ်နဲ့  လက်မလည်ဘူး။ ညီမ၂ယောက်မောလာတော့ ကြံရည်ထိုင်သောက်ရင်း ပန်းအတုဆိုင်လေးငေးကြတယ်။ ပွဲဈေးတန်းက ဗေဒင်ဆရာဆီမှာ နှလုံးသားရေးရာမေးနေပုံရတဲ့ဆယ်ကျော်သက်ကောင်မလေး။ တကယ့် ရသစုံတဲ့ပွဲဈေးတန်းမြင်ကွင်းကို ကျွန်မနှစ်သက်မိတာ ဆန်းသလားနော်။ ထုံးစံအတိုင်းဖေ့ကိုချော့ဖို့ ထန်းသီးဆံနုနုလေးတွေဝယ်ပြီး ညီအမ၂ယောက် အိမ်ပြန်ခဲ့ကြတယ်။
Branded တွေရောင်းတဲ့ shopping center ကြီးတွေပတ်ရတာထက် ပွဲဈေးတန်းလေးတွေပတ်ရတာ ပိုလို့ ရင်ခုန်နွေးထွေးစေတယ်ဆိုရင် ကျွန်မကို ပိုတယ်ထင်ကြမလား။ ဟုတ်ကဲ့။ ကျွန်မက ရပ်ကွက်သဘာဝကို ချစ်တတ်တဲ့ ရပ်ကွက်သူစစ်စစ်ပါ။
တန်ခူး
7:49pm
3-Feb-2018
Saturday, January 20, 2018
ရထားစီးကြသူများ ၂
"ဘောက်ထော်" ဘူတာ။
အမေပြောပြသည့် မိသားစုကျော်ဖြတ်ခဲ့ရတဲ့နေ့ ရက်တွေမှာ အလွန်အရေးပါသည့် ဘူတာလေးတခု။ အဖေနဲ့ အမေ အိမ်ထောင်ကျတော့ အဖေက ဆင်းရဲလို့  ချမ်းသာသည့်အမေ့ဘက်က သဘောမတူတာကြောင့် အိမ်ထောင်ဦးမှာ လှည့်မကြည့်ခဲ့။ သုညကစခဲ့ပေမယ့် မေတ္တာခင်းတဲ့လမ်းဆိုတော့ သူတို့ မောရမှန်းပင်မသိ။ သူများအိမ်မှာငှားနေရသည်။ အဲဒီအချိန်က အဖေရော၊ အမေပါ ကျောင်းဆရာ၊ဆရာမတွေ။ သူတို့ နေ့ တိုင်း မြို့ ပတ်ရထားစီးပြီး ကျောင်းသွားကျောင်းပြန်လုပ်သည်။ ဘောက်ထော်ဘူတာမှာတက်၊ ဘောက်ထော်ဘူတာမှာဆင်း။ ဘောက်ထော်ဘူတာက အဖေတို့ အမေတို့ နဲ့ အတော်သံယောဇဉ်ဖြစ်ခဲ့သည့် ဘူတာ။ ဘယ်လောက်တောင်ဖြစ်ခဲ့သလဲဆို အမေကျွန်မကိုယ်ဝန်လွယ်ထားရစဉ် နေ့စေ့လစေ့မွေးခါနီးအထိ ရထားစီးပြီးကျောင်းသွားတဲ့အခါ ရထားလွတ်မစိုးလို့  ပြေးရတဲ့အခါမျိုးမှာ ရထားမောင်းသည့်ဦးလေးကြီးက အမေ့ကို မှတ်မိနေပြီး နေ့တိုင်းစောင့်ခေါ်တတ်သည်တဲ့။ ဘာရယ်မဟုတ် အဲဒီနေ့ ရက်တွေ အမေပြန်ပြောတိုင်း မျက်ရည်ဝဲတတ်သည်။
ငယ်ငယ်က ကြီးကြီးနဲ့ အတူ အဲဒီဘောက်ထော်ဘူတာမှ ရထားစီးပြီး ဟိုသွား၊ ဒီသွားလျှောက်လည်ခဲ့ဘူးသည်မို့  သည်ဘောက်ထော်ဘူတာလေးက ငယ်ချစ်လို့ ဆိုနိုင်သည်။ အကျွမ်းတဝင် ဘောက်ထော်ဘူတာလေးနဲ့ ဝေးခဲ့တာ နှစ်ပေါင်း၄၀နီးပါး။ ဒီက MRT နေ့ တိုင်းစီးပြီး ကျောင်းသွားတဲ့သားက မြန်မာပြည် transportation system ကိုအလွန်စပ်စပ်စုစု သိချင်လှသည်။ သူလူမှန်းသိကာစကနေ ဒီနေ့ အထိ သူ့ အဖိုးကား၊ သူ့အဒေါ်ကားနဲ့ သွားနေရတော့ တခါတလေ ဆိုက်ကားစီးဖို့  ပူဆာတတ်သည်။ သားနဲ့  တက်စီ စီးလျင် ဈေးဆစ်လို့ မရ။ စင်္ကာပူဒေါ်လာနဲ့ ပြန်တွက်ပြီး သူက တက်စီမောင်းသူကို ပြန်အားနာနေတတ်သူ။ သားစိတ်ဝင်တစားပူဆာသည့် မြို့ ပတ်ရထားကို ပြီးခဲ့တဲ့အခေါက်က ဆွေမျိုးတွေတလှေကြီးနဲ့ စီးခဲ့ကြသည်။
ဘောက်ထော်ဘူတာကိုရောက်တော့ ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေနှင့် အိုမင်းရင့်ရော်လာသည့် အဖိုးအိုကြီးတယောက်နှင့် ပြန်ဆုံသလိုခံစားရသည်။ ဒီအဆောက်အဦး၊ ဒီလှေခါး၊ ဒီသံလမ်းတွေက ကျွန်မငယ်ငယ်ကအတိုင်းပါပဲလား။ ဘာမှမပြုပြင်တော့ နေရာတကာမှာ ဟောင်းနွမ်းအိုမင်းယိုယွင်းခြင်းတွေနဲ့ ။ ရထားလမ်းပေါ်က ပေါင်းပင်တွေက နေ့ တိုင်းသွားလာနေသည့် ရထားလမ်းတခုမဟုတ်သလို။ ရင်ထဲဘာကိုဝမ်းနည်းမိမှန်းမသိ။
ရထားလက်မှတ်ဝယ်တော့ တစောင်၂၀၀။ အခြေခံလူတန်းစားတတ်နိုင်သည့် ပမာဏမို့  ကျေနပ်မိသည်။ ရန်ကုန်မှာမွေးသည့် တူတွေကလဲ ရထားတခါမှမစီးဘူးတော့ သားနဲ့ မထူး၊ သူတို့ အတွက် အကုန်အထူးအဆန်းချည်း။ လက်မှတ်ရောင်းတဲ့သူက နောက်၁၀မိနစ်ကြာရင် ရထားလာမည်လို့ ပြောလိုက်သည်။ ၅မိနစ်အတွင်း ရောက်လာတော့ မမေးမမြန်းနဲ့ ဝမ်းသာအားရတက်သွားသည်။
ကလေးတွေအများကြီးနဲ့ တက်လာသည့် ကျွန်မတို့ ကို ရထားစီးနေကြသူတွေက အံ့သြတကြီးဝိုင်းကြည့်ကြသည်။ ဟိုစူးစမ်း၊ ဒီစူးစမ်းဆိုတော့ သူတို့ အမြင်ဆန်းနေတာဖြစ်မည်။ ရထားကို သားကဓာတ်ပုံရိုက်၊ ကျွန်မက ဓာတ်ပုံရိုက်၊ ရထားစီးနေတုန်း ကျွန်မဦးလေးအငယ်က Facebook ပေါ် Live လွှင့်ဆိုတော့ မြန်မာတွေဖြစ်ပြီး ရထားကိုဘာအထူးအဆန်းဖြစ်နေကြတာလဲ ထင်ကြမည်။
စိတ်ကျေနပ်စရာကောင်းတာက ရထားပေါ်မှာ ကြိတ်ကြိတ်တိုးလူမကျပ်။မတ်တပ်ရပ်သူတချို့ ရှိပေမယ့် အသက်ရှုချောင်လှသည်။ ပြီးတော့ သန့် သန့် ရှင်းရှင်းရှိလှသည်။ ကျွန်မထုံးစံ ရထားစီးသူတွေကို အနည်းငယ်လေ့လာ စကားစမြည်စပြောသည်။ ဒါကိုယ့်တိုင်းပြည်ဆိုတော့ သိသိမသိသိ၊ ဘယ်သူနဲ့ ဖြစ်ဖြစ် မိတ်ဆက်စကားဆို စကားပြောလို့ ရသည်မဟုတ်လား။ ကျွန်မ မတ်တပ်ရပ်သည့်နားမှာ ထိုင်နေသည့်ဦးလေးကြီးက အသက်၆၀နီးပါးရှိမည်။ဆံပင်တွေဖြူ၊ အဝတ်အစားနွမ်းပါးပြီး ဒီအသက်အရွယ်အထိ အလုပ်လုပ်နေပုံရသည်။ YBS နဲ့ ရထားဈေးချင်းတူတူပဲနော်လို့  ကျွန်မကမေးတော့ ဦးလေးကြီးက “မတူဘူးလေသမီးရဲ့၊ ရထားက ၁၀၀ ၊ YBS က ၂၀၀၊ တဝက်သက်သာတယ်၊ လမ်းမပိတ်ဘူး၊ ကားလောက် အန္တရာယ်မများဘူး၊ စီးရတာစိတ်ချမ်းသာတယ်" တဲ့။ မြို့ ပတ်ရထားရဲ့ ကောင်းတဲ့အချက်လေးတွေကို နေ့ တိုင်းစီးနေပုံရတဲ့ဦးလေးကြီးဆီက ကြားရတော့ စိတ်ထဲကျေနပ်ပျော်ရွင်မိသည်။
ဒီမှာ အဒေါ်ကမေးတော့သည်။ အမတို့ ဝယ်လာတဲ့လက်မှတ်ဘာကြောင့် ၂၀၀ ဖြစ်နေပါလိမ့်တဲ့။ ညီမဝမ်းကွဲက အထက်တန်းတွဲသပ်သပ်ရှိနေလားမသိလို့ စဉ်းစားသည်။ အဲဒီမှာပဲ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ရုံးဝန်ထမ်းဖြစ်ပုံရတဲ့အမျိုးသမီးလေးက ခပ်သွက်သွက်ဝင်ပြောသည်။၂၀၀ ဆိုတာ Aircon ရထားတဲ့။ သူပြောမှ စောလာသည့်ရထားကို မှားစီးခဲ့ကြတာ သဘောပေါက်သည်။
မကြာခင် ရထားတစီးရဲ့ဆည်းလည်းတွေ ဟိုကဒီက ပေါ်လာသည်။ မြန်မာမုန့် မျိုးစုံအသည်၊ ပဲပြားသုပ်ရောင်းတဲ့အသည်၊ ဒဏ်ကြေဆေးရောင်းတဲ့အသည်၊ ပန်းသီးသည်၊ လိမ္မော်သီးသည်၊ သံပုရာသီးသည်၊ ကွမ်းယာသည်စုံလို့  ထုံးစံအတိုင်း ဝေဝေဆာဆာ၊ ကဗျာတပုဒ်လို ကာရံနဲ့ ရောင်းကြသည်။ သားကို ကြိုပြောပြမထားတော့ သားကတအံ့တသြနဲ့ အသည်တသည်ချင်းစီကို စိတ်ဝင်တစားကြည့်သည်။ ဘေးနားက ကောင်မလေးက အသုပ်ဝယ်စားတော့ စုံစီနဖာအကုန်ပါသည့်ဗန်းထဲမှ ပစ္စည်းတွေ တခုပြီးတခုထည့် ရထားပေါ်တင် အသုပ်အပြီးအစီးသုပ်ပေးနေတာ သူ့ အတွက်အတော်ထူးဆန်းနေသည်။
ခဏနေတော့ အကြောဆေးရောင်းတဲ့အသည်က ဒီတွဲမှာကျောက်ချနေလို့ ဆို သံပုရာသီးသည်အမျိုးသမီးက စောင်းပါးရိပ်ခြေပြောသည်။ တီဗွီမှာကြော်ငြာရင်တောင် အချိန်နဲ့ သူ့ အလှည့်ကိုယ့်အလှည့်ရှိသည်တဲ့။ ပညာသားပါပါပြောလိုက်တော့ ဆေးရောင်းတဲ့သူ တွဲကူးသွားသည်။ ခဏနေတော့ သူ့ သံပုရာသီးတွေကို ညှစ်ပြပြီး ဘယ်လောက်အရည်ရွှမ်းလဲဆို ဆင်ကြီးကြီးလဲရေချိုးပေးလို့  ရတယ်၊ ဆင်သေးသေးလဲရေချိုးပေးလို့ရတယ်ဆိုပဲ။ သားကကြော်ငြာတတ်ပုံကိုသဘောကျလို့ နေပြီး ကျွန်မကိုတိုးတိုးလာပြောသည်။ “very creative” တဲ့။
လမ်းဘေးမြင်ကွင်းတွေကတော့ မသာယာလှ။ တချို့ နေရာတွေ နောက်ဖေးလမ်းကြားနဲ့ တူသည်။ ကန်စွန်းခင်းကြီးတွေတွေ့ တော့ သားကသူကြိုက်တဲ့အရွက်တွေ အခင်းလိုက် အများကြီးတွေ့  ရလို့ ခူးလို့ ရလားမေမေလို့ မေးသေးသည်။ ဆင်းရမယ့်ဘူတာရောက်တော့ ကလေးတွေ မရပ်ခင်မဆင်းကြဖို့ လက်တွေတွဲ၊ သတိတွေပေးရင်း ရှူပ်ရှက်ခပ်နေတဲ့ ကျွန်မတို့ ဆွေမျိုးတသိုက်ကို ရထားပေါ်ကလူတွေက ပြုံးကြသည်။ ဘယ်လောက်ချစ်စရာကောင်းတဲ့၊ ဘယ်လောက်ဖော်ရွေတဲ့တိုင်းပြည်လဲနော်။ ဒီနိုင်ငံက MRTပေါ်မှာဆို နိုင်ငံကြီးသားတွေရဲ့ မျက်စောင်းဒဏ်နဲ့ တင် ကျွန်မတို့ လဲကျနိုင်သည်။
မယ်လမုဘုရားကို ဘူတာကနေခြေလျင်သွားတော့ ငယ်ငယ်မူလတန်းမတက်ခင် အရွယ်က ကြီးကြီးလက်လေးဆွဲပြီး ဒီခရီးကို အတူသွားခဲ့သည့် ကိုယ်ပုံရိပ်ကို မြင်ယောင်မိသည်။ ဆွေမျိုး ၉ယောက်၊ ကုန်ကျစရိတ် ၁၈၀၀ကျပ်နဲ့ မယ်လမုဘုရားဖူးသွားသည့် ဒီခရီးက ပျော်လဲပျော်၊ တန်လဲတန်၊ ကုသိုလ်လဲရမို့ အမှတ်တရပင်။ သားက ရထားစီးရတာ အရမ်းသဘောကျပြီး မှတ်ချက်ပေးသည်။ မေမေ ရထားစီးရင်း wet market သွားသလို၊ food court သွားသလိုပဲနော်တဲ့၊ သူတို့ က ကိုယ်ရှိရာလာရောင်းတော့ အချိန်ကုန်လဲသက်သာ၊ လူလဲသက်သာတယ်နော် ပြီးတော့ ဘယ်စီးစီး စင်္ကာပူဒေါ်လာ ၅ပြားနဲ့ညီတဲ့မြန်မာငွေပဲပေးရတာလို့  အင်္ဂလိပ်လိုမှတ်ချက်ချသည်။ ဟုတ်ပါရဲ့။ သားပြောမှ ကိုယ့်တိုင်းပြည်က မြို့ ပတ်ရထားရဲ့အားသာချက်ကို ကွင်းကွင်းကွက်ကွက်မြင်တော့သည်။
တကယ်တော့ အသစ်တွေဆီလှမ်းစရာမလိုသေးပါ။ လက်ရှိအဆင်ပြေနေတာလေးကို ပိုလို့ ကောင်းအောင် မွမ်းမံပြီး ရထားစီးရေ ခပ်စိပ်စိပ်လေးသာ စီစဉ်လိုက်ရင် ရထားစီးသူတွေ ဒီထက်ပိုများပြီး လမ်းပိတ်ဆို့ မှုပြဿနာလဲ အနည်းနဲ့ အများပြေလည်လာနိုင်လိမ့်မည်လို့ မျှော်လင့်မိသည်။
တန်ခူး
10:36am
19 Jan 2018
( ဒီ post ကို ဘာလို့ ရထားစီးကြသူများ၂ လို့ ပေးခဲ့လဲဆိုတော့ ဒီခေါင်းစဉ်နဲ့ ပဲ အရင်က ကျွန်မblog မှာစာတပုဒ်ရေးခဲ့ဖူးလို့ပါ)
Wednesday, January 17, 2018
ဒိုင်ယာနာ, မြနန္ဒာနဲ့ ကျွန်မတို့ မိန်းခလေးများ
"လောကမှာ လူနည်းနည်းလေးနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ၊သိပ်အေးချမ်းမှာပဲ_”
မြနန္ဒာ
( မောင်၊ ကိုကိုနှင့်မြနန္ဒာ)
တကယ်တော့ ဒီနေ့ က အလုပ်အရမ်းများတဲ့နေ့ ... ဒါပေမယ့် ဖတ်လက်စ "မောင်၊ကိုကိုနှင့် မြနန္ဒာ" ကိုပဲ စိတ်ကရောက်နေတော့ အလုပ်တွေခဏပစ်ပြီး ပေပေတေတေ အကျင့်ဆိုးလေးကို မထိန်းပဲလွှတ်ပေးလိုက်တယ်... ၂ကြိမ်ဖတ်ဖူးပြီးသားပေမယ့် ဒီတခါပြန်ဖတ်တော့လဲ မရိုးနိုင်အောင် ခံစားချက်တွေ အသစ်ပြန်ဖြစ်တယ်...
ဇာတ်လမ်းကရိုးရိုးလေးပါ... မိဘတွေပုံစံခွက်ထဲမှာ မှန်ဘီရိုထဲက အလှပြအရုပ်ကလေးတရုပ်လို နေခဲ့ရတဲ့, ဘဝမှာ ကိုယ်ပိုင်ရွေးခြယ်ပိုင်ခွင့်ရှိတယ်ဆိုတာတောင် မသိရှာတဲ့မြနန္ဒာရယ်, သူနဲ့ အခြေအနေချင်းကွာဟတဲ့ကဗျာဆရာလေးလင်း ခေါ် မောင်ရယ်, ပြီးတော့ မိန်းမတွေကို တန်ဖိုးမထား, အလေးမထားပဲ, အိုင်တွေ့ တိုင်းခြေဆေးတတ်တဲ့ ဘွဲ့ ထူးဂုဏ်ထူးအကြီးကြီးနဲ့ ဆရာဝန်ကိုကိုတို့ ရဲ့၃ပွင့်ဆိုင်အချစ်ဇာတ်လမ်း... ဆရာမကြည်အေးရဲ့နာမည်ကြီးဝတ္ထုမို့  လူတော်တော်များများဖတ်ဖူးပြီးသားဖြစ်မှာပါ... ဒီpost လေးကို ရေးရတဲ့ရည်ရွယ်ချက်ကတော့ မိန်းခလေးတွေအတွက်ပါ...
ပထမဆုံးအကြိမ် ဖတ်ခဲ့တုန်းက မောင့်ကို သနားခဲ့တယ်... ဒုတိယအကြိမ်ဖတ်တော့ မောင့်ကို အားမလိုအားမရဖြစ်ခဲ့တယ်... ခုတတိယအကြိမ်ဖတ်တော့ မောင့်ရဲ့စည်းကမ်းရှိမှုနဲ့ ထိန်းချူပ်နိုင်မှုကို တန်ဖိုးထားမိတယ်... မောင်သာ ခံစားချက်အတိုင်းစီးမျောရင် မြနန္ဒာရဲ့ဘဝက တမျိုးတဖုံပြောင်းသွားနိုင်ပေမယ့် မောင်က စည်းကိုမကျော်ခဲ့... သူတို့ ၂ယောက်ရဲ့ relationship လေးက သမီးရီးစားမဟုတ်, အထိအတွေ့ မပါတဲ့ ဖြူဖြူစင်စင်အဖော်စစ်စစ်လေးမို့  ချစ်စရာ... ပြန်တွေ့ ကြတော့လဲ သံယောဇဉ်တွေအများကြီးရှိခဲ့ဖူးပေမယ့် ၂ယောက်လုံးအိမ်ထောင်ရှင်တွေ, ကိုယ်ပိုင်မိသားစုတွေနဲ့ ဆိုတဲ့အသိနဲ့  ကိုယ်ကျင့်သိက္ခာကို ရှေ့ ထားပြီး စည်းလေးထားဆက်ဆံကြတာ... မြနန္ဒာကို စွဲလန်းဖူးခဲ့သူ, သူ့ ကဗျာတွေမှာ အမြဲမြနန္ဒာအရိပ်တွေဖုန်းလွှမ်းနေခဲ့ဖူးပေမယ့် အိမ်ထောင်ကျတော့ သူ့ ဇနီးလေးအပေါ်သစ္စာရှိရှိချစ်ခင်စုံမက်စွာပေါင်းသင်းတာ... တကယ်တော့ မောင်က ကိုကို့ လောက်ပညာတွေမတတ်, နိုင်ငံခြားဘွဲ့ ကြီးတွေမရပေမယ့် ကိုယ်ကျင့်သိက္ခာမှာ ကိုကို့ ထက် အပုံသာသူပါ...
ပထမဆုံးအကြိမ်ဖတ်တုန်းကလဲ ကိုကို့ ကို အရမ်းမုန်းတယ်... ဒုတိယအကြိမ်ဖတ်တော့ ပိုလို့ မုန်းတယ်... ခုတတိယအကြိမ်ဖတ်တော့ ကိုကို့ ကိုခါးသက်တယ်... မိန်းမတယောက်ကိုတမျိုးချစ်လို့ ရတယ်ဆိုတဲ့ကိုကိုက မိန်းမတို့ သည်တံတားအောက်မှာဖြတ်စီးသွားသောရေပမာပင်တဲ့... မိန်းမတယောက်ရဲ့ဖြစ်တည်ခြင်းဟာ သူ့ အတွက်ဖျော်ဖြေရေးသက်သက်... ရုပ်ဝါဒီဆန်လွန်းတဲ့ယောင်္ကျားတယောက်, နှလုံးသားမဲ့လွန်းတဲ့ယောင်္ကျားတယောက်လို့ ခံစားမိတယ်...
အဲဒီယောင်္ကျားကိုမှ ခင်ပွန်းတော်ခဲ့ရတဲ့ ကံကြမ္မာနဲ့ မြနန္ဒာ... မြနန္ဒာ ကိုကို့ ကို စချစ်သွားခဲ့ပြီး ကိုကိုက တခြားနိုင်ငံမှာ နိုင်ငံခြားသူတယောက်နဲ့ ပျော်ပါးနေချိန်မှာ သားဦးလေးကိုတယောက်ထဲမွေးခဲ့ရတဲ့ဘဝ...သူ့ ဘဝမှာ ခါးသက်မှုတွေက အများသား... အခါခါသေပြီး အခါခါပြန်လည်ရှင်သန်တတ်တဲ့ မြနန္ဒာရဲ့စိတ်ဓါတ်လေးကို မဖတ်ဖူးသေးတဲ့မိန်းခလေးတွေကို ပြန်လည်ဝေမျှချင်လို့ ပါ...
မိန်းခလေးတယောက်အတွက် အိမ်ထောင်ရေးကံမကောင်းခြင်းဟာ အဆိုးဆုံးလို့ ပြောလို့ ရပါတယ်... အတိတ်ဘဝက ကုသိုလ်ကံတွေကြောင့် ဒီဘဝမှာ အိမ်ထောင်ရေးကံမကောင်းတဲ့အခါ ဘဝကို ဘယ်လိုရင်ဆိုင်ကြမလဲ... အမိုက်မဲဆုံးရင်ဆိုင်ကြတာက ကိုယ့်ကိုယ်ကို သတ်သေကြတယ်... အစွန်းရောက်ဖြေရှင်းတတ်သူတွေက ခင်ပန်းကိုသတ်တယ်... တင်္ဒဂ သတိလက်လွှတ်မှုက တဘဝစာအထိခံစားရတဲ့, ဖြေရှင်းနည်းလို့ ခေါ်လို့ မရတဲ့ မိုက်မဲမှုတွေပါ... အများစုကတော့ သိပ်လွန်လွန်းလာရင် ကွာရှင်းလိုက်ကြတယ်... ကိုရီးယားကားယဉ်ကျေးမှုတွေ စီးမျောလာတဲ့ ဒီခေတ်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ ဖြေရှင်းနည်းကတော့ တရားဝင်မကွာရှင်းပဲ နောက်တယောက်နဲ့ တွဲကြတယ်... တချို့ ကျတော့ စိတ်ကျရောဂါဖြစ်ပြီး ဘဝကို အရှုံးပေးလို့ ဘိုသီပတ်သီနဲ့ နေချင်သလိုနေပစ်ကြတယ်...
မြနန္ဒာဘယ်လိုနေလဲကြည့်ပါဦး... ကိုကိုမိန်းမပွေတာက နည်းနည်းမှမဟုတ်တာ... တွေ့ ရာနေရာမှာ တွေ့ ရာမိန်းမနဲ့ တွဲပလိုက်တာမျိုး... ၂ယောက်လောက်က အတည်တကျယူလိုက်သေးတယ်... နိုင်ငံခြားသူနဲ့ ကလေးတယောက်က ရသေးတယ်... မြနန္ဒာကြေကွဲတာပေါ့... သူလဲလူပဲလေ... ငိုကြွေးတယ်... ခံပြင်းတယ်... ဒါပေမယ့် သူ့ သားသမီးလေးတွေအတွက် ကိုကိုနဲ့ မကွဲပါဘူး... ညပြန်မအိပ်တတ်တဲ့ကိုကိုမရှိတဲ့ညတွေ မြနန္ဒာအထီးကျန်တာပေါ့... အထီးကျန်တဲ့အခါ အလုပ်တွေ မရပ်မနားလုပ်တယ်... သူတတ်သိတဲ့အလုပ်တွေပါ... အလုပ်များနေတဲ့သူတယောက်အတွက် အထီးကျန်ဝေဒနာက သက်သာတာတော့အမှန်ပါ... သိပ်သည်းမခံနိုင်တဲ့အခါ သားလေးနဲ့ အဝေးမှာ အာရုံပြောင်းနေတယ်... ယောင်္ကျားပွေရှူပ်လို့  စိတ်ဒုံးဒုံးကျပြီး မပြင်မဆင်မနေဘူး... အများငေးယူရအောင် အမြဲကျော့ကျော့မော့မော့, လှလှပပလေးနေတယ်... သံယောဇဉ်ဟောင်းနဲ့ ပြန်တွေ့ လို အထီးကျန်နေတဲ့စိတ်ကို မလွှတ်ပစ်လိုက်ဘူး... စည်းကမ်းရှိရှိနေတယ်...သူ့ ဆီပြန်လာအောင် မဆွဲဆောင်ဘူး... အပူရုပ်မရှိဘူး... ငိုတာတောင်ကြိတ်ငိုတယ်... ဖြစ်လာတဲ့အခြေအနေကို လက်ခံတတ်အောင်ကြိုးစားပြီး အကောင်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကို ကုစားနေတာ အတုယူစရာပါ...
မြနန္ဒာကို ဖတ်ရင်း သတိရမိတာက အိမ်ရှေ့ မင်းသမီးလေးဒိုင်ယာနာပါ... ချားလ်ရဲ့ရက်စက်မှုတွေခံရတဲ့အခါ စိတ်တွေ ဟိုးအောက်ခြေအထိ ကျခဲ့ပေမယ့် သူအလုပ်တွေလုပ်တယ်... သူ့ တိုင်းပြည်အတွက်, ကမ္ဘာကြီးအတွက် ပရဟိတတွေ မရပ်မနားလုပ်ရင်း အထီးကျန်မှုဝေဒနာကို သူကုစားခဲ့တယ်...
အိမ်ထောင်ရေးအဆင်မပြေလို့ အဖော်မဲ့ အထီးကျန်နေတဲ့မိန်းခလေးတွေ မြနန္ဒာလို, ဒိုင်ယာနာတို့ လို အလုပ်တွေပိုလုပ်ကြည့်ပါလား... ပတ်ဝန်းကျင်ကို အကိျုးပြုတဲ့အလုပ်တွေဆို ကုသိုလ်လဲရ, အထီးကျန်ဝေဒနာလဲ သူ့ အလိုလိုကုစားပြီးသားဖြစ်မှာပါ...
မြနန္ဒာ ဝိုင်သောက်တယ်, ပါတီတက်တယ်, ကတယ်, ဆေးလိပ်သောက်တယ်, ဖဲရိုက်တယ်... ဒီထွက်ပေါက်တွေ သူလုပ်ခဲ့သေးပါတယ်... အိမ်ထောင်ရေးဖောက်ပြန်တဲ့ထွက်ပေါက်လောက် မဆိုးဝါးပေမယ့် မယူသင့်တဲ့ထွက်ပေါက်တွေပါ... ယူသင့်တဲ့ထွက်ပေါက်ကို ကျွန်မအပေါ်မှာပြောပြခဲ့ပါပြီ... စာတပုဒ်ဖတ်တဲ့အခါ, ရုပ်ရှင်တကားကြည့်တဲ့အခါ စာထဲက ဇာတ်ကောင်စရိုက်အရ အဆိုးနဲ့ အကောင်းဒွန်တွဲနေတတ်ပါတယ်... ကိုယ်က အဆိုးကိုယူမလား, အကောင်းကိုယူမလား... ကိုယ့်အပေါ်ပဲမူတည်တာမို့  ကိုယ့်ဘဝကို အဆိပ်ဖြစ်စေမယ့် သို့ မဟုတ် ကိုယ့်ပတ်ဝန်းကျင်ကို အဆိပ်ဖြစ်စေမယ့် အဆိုးတွေမယူမိဖို့ စဉ်းစားတွေးခေါ်နိုင်ကြပါစေ...
တန်ခူး
9:04pm
17-Jan-2018
Tuesday, January 16, 2018
ဖြောင့်ချက်
ဟိုးမိုးကောင်းကင်မှာ
၁၃တွေခြိမ်းတဲ့နေ့ က
ကိုယ့္အက်ႋျဖဴျဖဴေလး
မီးကျွမ်းသွားခဲ့တယ်...
ရောင်စုံဖန်ခွက်လေးတွေကို
၁၃တွေလွှတ်လွတ်ချတော့
ကိုယ့်ဖဝါးလေး
သွေးတွေစွန်းခဲ့တယ်...
အဝါရောင်နှင်းဆီပန်းအိုးလေးကို
ဝိညာဉ်မဲ့စေတဲ့၁၃ကြောင့်
ပန်းခြောက်လေးပေါ်
မျက်ရည်စီးခဲ့တယ်...
Chocolate Coated နှလုံးသားတခုကို
တံခါးမခေါက်ပဲ
ကိုယ့်အိမ်ထဲအရောက်
ပို့ ခဲ့တဲ့၁၃...
အချစ်အချစ်လို့ 
အော်ရောင်းနေတဲ့၁၃ရေ
ဘဝတခုလုံးပေးဝယ်လိုက်ရတာက
ဗျူဟာမာယာ အပုပ်အသိုးတွေ...
ခဏခဏမက်တဲ့
အိပ်မက်ဆိုးတွေထဲ
ကောင်းကင်ကြီးက
၁၃တွေရွာရွာချတိုင်း
ကိုယ်ဟာအကွယ်အကာမဲ့
ဒဏ်ရာတွေနဲ့ 
တဆိတ်... များလွန်းပြီ၁၃ရယ်...
ညကလကိုခဏဖွက်လို့ 
ပြက္ခဒိန်ထဲက၁၃တွေ
အပြီးထုပ်ပိုးပြီး
စကြာဝဌာအပြင်ဘက်
လွှင့်ပစ်ခဲ့တယ်...။
တန်ခူး
8:41am 16-Jan-2018